Thursday, September 10, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသစောင့်ရှောက်ရေးအတွက် Quarantine Center များနှင့် စပ်လျဉ်း၍ ပါဝင်ဆောင်ရွက်နေသူများနှင့် အပြန်အလှန်ဆွေးနွေး

Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသစောင့်ရှောက်ရေးအတွက် Quarantine Center များနှင့် စပ်လျဉ်း၍ ပါဝင်ဆောင်ရွက်နေသူများနှင့် အပြန်အလှန်ဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၇

Coronavirus Disease 2019(COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသစောင့်ရှောက်ရေးအတွက် Quarantine Center များနှင့် စပ်လျဉ်း၍ ပါဝင်ဆောင်ရွက်နေကြသည့် We Love Yangon၊ EC Member ဦးမောင်မောင်အေး၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာချစ်ကိုဟန်၊ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း တို့နှင့် ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက် တွေ့ဆုံ၍ လက်တွေ့အခြေအနေများကို အပြန်အလှန် ဆွေးနွေးသည်။

ရှေးဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပထမဦးစွာ ပုဂ္ဂိုလ်ရေးအရ ပြောလိုသည်မှာ မိမိ၏ ရန်ကုန်ခြံဝင်းထဲမှ Positive တစ်ဦး တွေ့ရှိခဲ့သည့်အတွက် တောင်းပန်ပါကြောင်း၊ အစိုးရအနေဖြင့် မည်သူ့ကိုမှ ကိုဗစ်ရောဂါ ရ၍ဆိုပြီး အပြစ်မမြင်ပါကြောင်း၊ အရေးကြီးသည်မှာ ရောဂါရှိနေသူများကို မြန်မြန်ရှာဖွေပြီး မြန်မြန်ကုသမှုပေးရန်ဖြစ်ပါကြောင်း၊ သို့မှသာ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်မည် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ပြန်လာသည့် ပြည်သူများ၏ အမည်စာရင်းကို သတင်းစာထဲတွင် ထည့်သွင်းကြေညာပေးပြီးဖြစ်ပါကြောင်း။

၎င်းတို့ကို သက်ဆိုင်ရာ ဌာနများသို့ ဆက်သွယ် အသိပေးရန် ပြောဆိုထားသော်လည်း တစ်ဝက်ခန့်မှာ ယခုထိ မဆက်သွယ်ကြပါကြောင်း၊ မဆက်သွယ်သည့်အတွက် လိပ်စာများ နှင့်ပါ ထပ်မံထည့်သွင်း ကြေညာသွားမည် ဖြစ်ပါကြောင်း၊ သို့မှသာ ပတ်ဝန်းကျင် အိမ်နီးနား ချင်းနှင့် မိတ်ဆွေများက မည်သူမည်ဝါဖြစ်သည်ကို သိရှိမည်ဖြစ်ပါကြောင်း၊ ယခုကိစ္စကို လွှတ်ထား၍ မရပါကြောင်း၊ ရက်အပိုင်းအခြား၊ အချိန်အတိုင်းအတာတစ်ခု ပေးမည်ဖြစ် ကြောင်း၊ ထိုအချိန်အတွင်း မိမိသဘောဆန္ဒအရ မဆက်သွယ်ဘဲ နောက်ပိုင်းမှ မိမိပါမှန်း သိပါက အရေးယူရမည်ဖြစ်ပါကြောင်း၊ အရေးယူရာတွင်လည်း ဒဏ်ပေးချင်သည့် စိတ်ဖြင့် မဟုတ်ဘဲ သတိပေးချင်သည့် စိတ်ဖြင့်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ မဆောင်ရွက်ပါက ရန်ကုန်ကဲ့သို့ နေရာမျိုးတွင် အမြန်ဆုံးပြန့်ပွား သွားနိုင်ပါကြောင်း။

ယခုအချိန်အတွင်း အားလုံးက အထူးသတိထားရန် လိုအပ်ပါကြောင်း၊ မိမိအနေဖြင့် ယနေ့ညနေပိုင်းတွင် ရန်ကုန်သို့သွား၍ မဲဆန္ဒနယ်ဖြစ်သည့် ကော့မှူးမြို့သို့ သွားရောက်ရန်နှင့် ဆိပ်ကြီးခနောင်တို မြို့နယ်တွင် နိုင်ငံတော်အလုပ်တစ်ခု လုပ်ဆောင်ရန်ရှိပါကြောင်း၊ သို့သော် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ခရီးသွားလာမှုကို သဘောမတူသည့်အတွက် ယင်းခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို တိတိကျကျလိုက်နာရန်နှင့် ယင်းဝန်ကြီးဌာနက သဘောမတူသည့် ကိစ္စများကို မလုပ်ရန် လိုကြောင်း၊ နိုင်ငံတော်ယန္တရားကြီးကို ကိုဗစ်ကြောင့် ရပ်သွားခြင်း မဖြစ်စေဘဲ ဆက်လက်လည်ပတ်နိုင်ရမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်ရမည်ဖြစ်ပါကြောင်း။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါကို စတင်ထိန်းချုပ်နိုင်ပြီဟု မှန်းဆ၍ရပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်နေသည့် Case များသည် တက်လာခြင်းမရှိဘဲ တည်ငြိမ်သွားသည့် သဘော ရှိပါကြောင်း၊ သို့သော် ရန်ကုန်တိုင်းဒေသကြီးတွင် များစွာပြန့်ပွားနေပါကြောင်း၊ ရန်ကုန်ကို စီးပွားရေးမြို့တော်ဟုပြောလျှင် မမှားပါကြောင်း၊ သံတမန်အများစုနှင့် နိုင်ငံခြား အဖွဲ့အစည်းများသည် ရန်ကုန်တွင် ရုံးစိုက်ကြပါကြောင်း၊ ရန်ကုန်သည် များစွာ အရေးကြီးပြီး လူဦးရေ အလွန်များပြားပါကြောင်း၊ ရန်ကုန်ကို ယခု ကိုဗစ်စိန်ခေါ်မှုကြီးကနေ မည်သည့်ပုံစံ ဖြင့် ကျော်လွှားထိန်းချုပ်နိုင်မည်ကို ဝိုင်းဝန်းစဉ်းစား ပေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် We Love Yangon ၊ EC Member ဦးမောင်မောင်အေး က မိမိတို့ We Love Yangon တွင် Volunteer များစွာရှိပါကြောင်း၊ We Love Yangon ကို မတ် ၅ ရက်တွင် စတင်ခဲ့ပါ ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများနှင့် ပြည်ပရောက် ပြည်သူများက အလှူငွေများ လှူဒါန်းကြပါကြောင်း၊ ယင်းအလှူငွေများကို မိမိတို့ စနစ်တကျ စီမံခန့်ခွဲပါကြောင်း၊ အခြေခံ စားသောက် ကုန်များကို ဆင်းရဲနွမ်းပါးသည့် မြို့နယ်များသို့ မျှဝေပေးပါ ကြောင်း။

ထို့ပြင် အလှူရှင်များ လှူဒါန်းသည့် ဆေးဝါးများ၊ ဆေးပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများကို တောင်ဥက္ကလာပဆေးရုံနှင့် ဝေဘာဂီဆေးရုံသို့ သွားရောက်ပို့ဆောင်ပေးခဲ့ ပါကြောင်း၊ ရခိုင်ပြည်နယ်အတွက်လည်း ကူညီမျှဝေမည့် အစီအစဉ်ပြုလုပ်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ် အတွက် ရရှိသည့် အလှူငွေများကို လိုအပ်သည့်ပစ္စည်းများဝယ်ယူပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်းကာ မျှဝေပေးခဲ့ပါကြောင်း၊ ယနေ့ Mask များ ဝေပေးခြင်း၊ ဈေးများတွင် အသိပညာပေးခြင်း၊ Lockdown နေရာများနှင့် ပတ်ဝန်းကျင်များကို ဆေးဖြန်းပေးခြင်း စသည့်လုပ်ငန်းများကို We Love Yangon အဖွဲ့က လုပ်ဆောင်ပေး နေပါကြောင်း ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဒုတိယပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာချစ်ကိုဟန် က ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြင်ပမှ လာသူများကို Quarantine Center ၌ အသွားအလာကန့်သတ်ပြီး ရောဂါ ရှိ၊ မရှိ ရှာဖွေ၍ ကုသခြင်း၊ ခွဲခြားခြင်းတို့ကို ဆောင်ရွက်ပါကြောင်း၊ ရခိုင်ပြည်နယ်မှ ပြန်လာသည့် လူ(၁၀၀၀)ကို Quarantine ထားရှိနိုင်ရေး ဆောင်ရွက်ခဲ့ပြီး ဩဂုတ် (၁၀) ရက်မှ (၂၀) ရက်အတွင်း ပြန်လာသူများကို ကျန်းမာရေးဌာနသို့ သတင်းပို့ရန် ပြောကြားခဲ့ပါကြောင်း၊ (၁၀) ရက်မှ (၂၀) ရက်အတွင်း ပြန်လာသူများကို Quarantine Center များသို့ မခေါ်ဆောင်ဘဲ ၎င်းတို့၏ နေအိမ်များတွင် သီးသန့်နေထိုင်စေပြီး ရောဂါစစ်ဆေးရန် အစီအစဉ်များ ဆောင်ရွက်ပါကြောင်း၊ ရောဂါ တွေ့ရှိမှု၊ မရှိမှု အပေါ်မူတည်၍ စီမံခန့်ခွဲပေးပါကြောင်း၊ သယ်ယူပို့ဆောင်ရေး ဆောင်ရွက်ပေးသည့် အဖွဲ့များကို ကျေးဇူးတင်ရှိပါကြောင်း၊ ပို့ဆောင် ရေးများ ဆက်လက်ကူညီပေးရန် မေတ္တာရပ်ခံပါကြောင်း၊ ၎င်းအဖွဲ့များ၏ လိုအပ်ချက်များကို လည်း ဖြည့်ဆည်းပေးနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်နေပါကြောင်း။

စစ်တွေမှ ပြန်လာသည့်ခရီးသည်များထဲမှ တစ်ဝက်ခန့် မဆက်သွယ်သေးသည်မှာ Quarantine ဝင်ရမည်ကို ကြောက်၍ဖြစ်နိုင်ပါကြောင်း၊ လူဦးရေ ၄၅၀၀ ကျော် သတင်းပို့ရန် လိုအပ်နေသေးပါကြောင်း၊ ၎င်းတို့ကို Quarantine သို့ ချက်ချင်းပို့မည် မဟုတ်ဘဲ ၎င်းတို့၏ အိမ်တွင် နေထိုင်စေမည်ဖြစ်ပါကြောင်း၊ ၎င်းတို့ရောက်လာသည့်ရက်မှ ကူးစက်နိုင်သည့် ကာလ ၂၁ ရက်အတွင်း ရှိနေသည့်သူများ (သို့မဟုတ်) ၂၁ ရက် ကျော်သွားသည့်သူများ စသည့် အခြေအနေအပေါ်မူတည်၍ ဦးစားပေးအစီအစဉ်ဖြင့် စစ်ဆေးခြင်းများကို ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ စိုးရိမ်ပူပန်စရာ မလိုပါကြောင်း။

ရောဂါဖြစ်ပွားလာပါက သေဆုံးမှုနှုန်း မမြင့်မားပါကြောင်း၊ ဝေဒနာခံစားရမှု နည်းပါး ပါကြောင်း၊ ရောဂါသည် မသေနိုင်သော်လည်း မပေါ့ဆရန်လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် ရောဂါဖြစ်သူများအတွက် ကုသမှုအပိုင်းနှင့် သီးခြားခွဲထားမှုအပိုင်းကို ပြန်လည်စဉ်းစားရန် လိုအပ်ပါကြောင်း။

ကိုဗစ်ရောဂါ၏ ပြင်းထန်မှုအပေါ်မူတည်ပြီး နောက်ဆက်တွဲအဖြစ် ခန္ဓာကိုယ်အတွင်း မှ အင်္ဂါများ ပျက်စီးခြင်း၊ သွေးကြောများရောင်ရမ်းခြင်းတို့ ရှိနိုင်ပါကြောင်း၊ ကိုဗစ်ရောဂါကို ပေါ့ဆ၍ မရပါကြောင်း၊ အလွန်အမင်းကြောက်နေ၍လည်း မရပါကြောင်း၊ ကျန်းမာရေးဌာန ၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆွေးနွေး တင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက စက်တင်ဘာ ၂ ရက်မှစ၍ နေပြည်တော်ဂိတ်(၁၂)ဂိတ်ကို စိစစ်ကြပ်မတ်ခဲ့ပါကြောင်း၊ အမြန်လမ်းနှင့် လမ်းဟောင်း တချို့နေရာများတွင် ကားပေါ်မှဆင်းပြီး ဆိုင်ကယ်လမ်းများနှင့် ကျေးရွာချင်းဆက်လမ်း မှ တစ်ဆင့် နေပြည်တော်သို့ ဝင်ရောက်ခြင်းများရှိသည်ကို ကြားသိနေရပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ညှိနှိုင်းပြီး နောက်ထပ်(၁၈)နေရာကို ကြပ်ကြပ်မတ်မတ်ဖြင့် ထိန်းချုပ်ခဲ့ရပါကြောင်း၊ ဂိတ်များ တွင် တရားဝင်စစ်ဆေးသော်လည်း နည်းမျိုးစုံဖြင့် မလွယ်ပေါက်များမှ ဝင်ရောက်ခြင်းများ ရှိပါကြောင်း၊ ထို့ကြောင့် ရပ်ကွက်ကျေးရွာအုပ်ချုပ် ရေးမှူးများကို မိမိရပ်ကွက်ကျေးရွာသို့ ဝင်ရောက်လာသူများ၊ ပြန်လာသူများကို ချက်ချင်း သတင်းပို့ရန်၊ ကြပ်မတ်ရန်နှင့် Quarantine စင်တာများသို့ ပို့ဆောင်ရန် ဆောင်ရွက်ထားပါ ကြောင်း။

နေပြည်တော် အဝင်အထွက်နှင့်ပတ်သက်၍ လူဝင်ထွက်မှုနှင့် ကုန်စည်စီးဆင်းမှုကို မျှတအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူဝင်ထွက်မှုနှင့် ပတ်သက်၍ စက်တင်ဘာ ၂ ရက်မှ စတင်ကာ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်တင်ဘာ ၂ ရက်တွင် အမိန့်ကြေညာချက် ထုတ်ပြန်ခြင်းကို ပြည်သူများ မြန်မြန်ဆန်ဆန်သိရှိစေရန် Website များ၊ Facebook နှင့် မီဒီယာများမှတစ်ဆင့် ပြောကြားခဲ့ပါကြောင်း၊ ကြေညာချက်ထုတ်ပြန်ပြီး နှစ်ရက်၊ သုံးရက်တွင် လူဝင်ထွက်မှု အနည်းငယ်ရပ်တန့်ခဲ့သော်လည်း ယခုအချိန်တွင် ပုံမှန်ဖြစ်လာပြီဖြစ်ပါကြောင်း၊ လူဝင်ထွက်မှုနှင့်ပတ်သက်၍ မသွားမလာ၍ မဖြစ်သူများ၊ ဝန်ထမ်းများနှင့် နေရပ်ပြန်လာသူများသာရှိပြီး ခရီးသွားလာမှုအပိုင်းတွင် များစွာ နည်းပါး သွားသည်ကို တွေ့ရှိရပါကြောင်း၊ လူဝင်ထွက်မှုတွင် နေပြည်တော်သို့လာပါက Quarantine စင်တာသို့ ချက်ချင်းပို့ဆောင်ပါကြောင်း၊ Quarantine ၌ နေထိုင်ရာတွင်လည်း ပထမတစ်ရက် နေထိုင်ပြီးနောက် Swab ယူပြီး ရောဂါမတွေ့ရှိလျှင် ပြန်လွှတ်ပေးပါကြောင်း၊ Quarantine စင်တာတွင် သုံးရက်သာ နေထိုင်ရသည့်အတွက် ဝင်ရောက်သူများလည်း အဆင်ပြေသကဲ့သို့ မိမိတို့ စီမံအုပ်ချုပ်သူများအတွက်လည်း ယခင် Quarantine (၂၁)ရက်၊ (၂၃)ရက် ထားရှိခြင်း နှင့်နှိုင်းယှဉ်လျှင် များစွာအဆင်ပြေပါကြောင်း။

ကုန်စည်စီးဆင်းမှုအဆင်ပြေစေရန်နှင့် ကျန်းမာရေးအတွက် ထိန်းချုပ်မှုအပိုင်း တို့ကို မျှတအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်- မန္တလေး လမ်းဟောင်းတွင် ကုန်သယ်ယာဉ် အစီး(၅၀၀)၊ (၆၀၀)ခန့် ရှိပြီး ကုန်စည်ဖြတ်သန်းမှုများပြားပါကြောင်း၊ နေပြည်တော်သို့ လာရောက်သည့် ကုန်သယ်ယာဉ် အစီး(၂၀)၊ (၃၀)ရှိပါကြောင်း၊ ကျန်ကုန်သယ်ယာဉ် များမှာ မန္တလေးနှင့် တောင်ကြီးမြို့များသို့ သွားရောက်ကြခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ ဖြတ်သန်းမှုများနှင့် ပတ်သက်၍ အဝင်ဂိတ်ဘက်မှ စလစ်များပေးပြီး အထွက်ဂိတ်ကို တောက်လျှောက် မောင်းနှင်ရန်၊ လမ်းတွင် တခြားနေရာများသို့ မဝင်ရောက်ရန်၊ အထွက် ဂိတ်တွင် စလစ်ပြန်အပ်ရန် ညွှန်ကြားထားပါကြောင်း၊ မြို့ရှောင်လမ်းမှ ဖြတ်သန်းသွား ရောက်မှုများကို ထိုသို့ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် ယခုအချိန်တွင် ပုံမှန်ဖြစ်ပါကြောင်း၊ နေပြည်တော်သို့ ဝင်ရောက်သည့် ကုန်စည်များနှင့် ပတ်သက်၍ ကုန်တင်ကားဂိတ်အချင်းချင်းဆက်သွယ်ပြီး မြို့ဝင်ဂိတ်မရောက်မီ ယာဉ်မောင်း လဲပါကြောင်း၊ ယာဉ်မောင်းလဲလှယ်ပြီးမှ မြို့တွင်းသို့ ဝင်ရောက်ပြီး ကုန်တင်၊ ကုန်ချပြုလုပ်ပါ ကြောင်း၊ ထိုသို့ ဆောင်ရွက်ထားသည့်အတွက် ကုန်စည်စီးဆင်းမှုသည် ပုံမှန် နီးပါးဖြစ်နေ ပြီဖြစ်ပါကြောင်း။

Quarantine စင်တာထားရှိမှုနှင့်ပတ်သက်၍ နေပြည်တော်တွင် Quarantine စင်တာ (၈)နေရာ ဆောင်ရွက်ထားရှိပါကြောင်း၊ အဓိက စင်တာသည် စည်ပင်ဧည့်ရိပ်သာဖြစ်ပြီး ဝန်ထမ်းများနှင့် အခြားနေရာများမှ လာရောက်သူများကို ထားရှိပါကြောင်း၊ ယခုလက်ရှိ ဝန်ထမ်း(၁၅၉)ဦးနှင့် ပြည်သူ (၂၇၃)ဦး စည်ပင်ဧည့်ရိပ်သာ၌ Quarantine ဝင်ရောက် လျက်ရှိပါကြောင်း၊ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအတွက် ရွာတော်ရှိ တပ်မတော် စစ်ကြောရေးဧည့် ရိပ်သာတွင် ထားရှိပြီး ဝင်ရောက်နေသူ (၄၁၂)ဦးရှိပါကြောင်း၊ Contact Person များကို ကျန်းမာရေးဝန်ထမ်းများဖြင့် အနီးကပ်စောင့်ရှောက်နိုင်ရန် ဆေးရုံများတွင် Quarantine ထားရှိပါကြောင်း၊ ဆေးရုံ(၄)ရုံတွင် Contact Person (၆၆)ဦး Quarantine ဝင်ရောက်လျက် ရှိပါကြောင်း၊ ကျန်နေရာများတွင်လည်း Quarantine Center များဖွင့်လှစ်ပြီး အဆင်ပြေအောင်ဆောင်ရွက်လျက်ရှိပါကြောင်း။

စည်ပင်ဧည့်ရိပ်သာ Quarantine တွင် ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဝန်ထမ်များ အပါ အဝင် လူအင်အား(၅၀)ခန့်ဖြင့် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ လက်ရှိ၌ Quarantine စင်တာတွင် အလှူရှင်များနည်းပါးသည့် အတွက် မိမိအစီအစဉ်ဖြင့် စားသောက်ကြရပါကြောင်း၊ စည်ပင်ဧည့်ရိပ်သာ Quarantine တွင် ကျန်းမာရေး ဆေးစစ်မှုအနေဖြင့် မနက်တစ်ကြိမ်နှင့် ညနေတစ်ကြိမ် စစ်ဆေးပေးလျက်ရှိပါ ကြောင်း၊ စားသောက်ရေးပို့ဆောင်မှုအနေဖြင့် တစ်နေ့သုံးကြိမ် ပို့ဆောင်ပေးပါကြောင်း၊ တစ်ခါသုံးပစ္စည်းများကိုသာ အသုံးပြုသည့်အတွက် စင်တာ ပြင်ပတွင် ကျန်းမာရေးနှင့် ပတ်သက်၍ ထိန်းချုပ်နိုင်သည့်အနေအထားရှိပါကြောင်း။

မြို့တွင်း၌ mask တပ်ဆင်ရန် အသံချဲ့စက်ဖြင့် လိုက်လံဆော်ဩခြင်းနှင့် ညမထွက်ရအမိန့် လိုက်နာမှုရှိစေရန်တို့ကို စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသောက် ဆိုင်များတွင်လည်း ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသောက် ဆိုင်များအနေဖြင့် ညပိုင်းအချိန်တွင် စည်းကမ်းလိုက်နာမှု အားနည်းသည်ဟု ကြားသိရသည့် အတွက် ဆက်လက်ကြပ်မတ် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီအနေဖြင့် ပြည်ထောင်စုလွှတ်တော်မှ ချမှတ်ပေးသည့် ဘတ်ဂျက်မှလွဲ၍ အခြားငွေကြေး ခေါင်းစဉ် မရှိပါကြောင်း၊ ထို့ကြောင့် ငွေကြေးအသုံးပြုရာတွင် အမျိုးသားအဆင့်ဗဟို ကော်မတီသို့ တင်ပြပြီး အသုံးပြုရပါကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေအနေဖြင့် ပြီးခဲ့သည့် ကာလက အလှူရှင်များ လှူဒါန်းသည့် အလှူငွေကျပ် (၁၆၉၃)သိန်းကျော် ရရှိပါ ကြောင်း၊ အမျိုးသားကော်မတီသို့ တင်ပြ၍ ငွေကျပ် (၄၄၈) သိန်း သုံးစွဲခွင့်ရရှိခဲ့ပါကြောင်း၊ ယခုအချိန်တွင်လည်း ထိုသို့ သုံးစွဲခွင့်ပြုရန် တင်ပြလိုပါကြောင်း၊ နေပြည်တော်ရှိ ပြည်သူများကို တရားဝင် ဂိတ်ပေါက်များမှ ဝင်ရောက်ပေးကြရန်နှင့် တရားဝင်ဆေးစစ် ခံကြရန် မေတ္တာရပ်ခံပါကြောင်း ဆွေးနွေးတင်ပြသည်။

ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အကြောက် တရားသည် မကောင်းပါကြောင်း၊ မိမိမကြာခဏ ပြောကြားသည်မှာ သတိသည် လွန်ကဲ သည်မရှိ၍ သတိထားစေလိုပါကြောင်း၊ ကိုဗစ်သည် တစ်ဦးချင်း စည်းကမ်းထိန်းသိမ်း သွားမည်ဆိုပါက ပြဿနာ မရှိတော့ပါကြောင်း၊ ယခုပြန့်ပွားနေသည်မှာ မည်သူမှ မည်သူဆီသို့ ပြန့်ပွားနေမှန်း မသိရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် မည်သူကိုမှ အပြစ်ရှာနေခြင်း မဟုတ်ပါ ကြောင်း။

Quarantine စင်တာများတွင် တစ်ယောက်တည်း နေထိုင်ရသည်ကို မကြောက်အောင် မည်သို့အားပေးရမည်ကို စဉ်းစားရမည်ဖြစ်ပါကြောင်း၊ We Love Yangon အဖွဲ့အနေဖြင့် သတင်းပေးရေးကိစ္စများကို ကူညီပေးစေလိုပါကြောင်း၊ တချို့က သတင်းပေးမှုကို တခြား သူများကို ချောက်တွန်းသည်၊ ဒုက္ခရောက်အောင်လုပ်သည် ဟု တွေးနေသည့်ပုံစံရှိပါ ကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းမဟုတ်ပါကြောင်း၊ အများကို ကူညီခြင်းဖြစ်ပါကြောင်း၊ မိမိကိုယ်တိုင်က ကျန်းမာရေးကောင်းမွန်သည့်အတွက် မိမိမှာ ရောဂါဖြစ်ပြီးနောက် ကောင်းမွန်သွားသည်ဆို သော်လည်း အချက်နှစ်ချက်ကို စဉ်းစားစေလိုပါကြောင်း၊ တစ်ချက်မှာ မိမိမှတစ်ဆင့်ကူးစက် သွားသူတစ်ယောက်သည် မိမိကဲ့သို့ကံကောင်းချင်မှ ကံကောင်းမည်ဖြစ်ပါကြောင်း၊ မိမိ ကြောင့် ထိုသူဒုက္ခရောက်မသွားရန် စဉ်းစားရမည်ဖြစ်ပါကြောင်း။

နောက်တစ်ချက်မှာ ကိုဗစ်၏ ရေရှည်အကျိုးဆက်များကို သေချာစွာမသိရသေးပါ ကြောင်း၊ တချို့က ကိုဗစ်ရောဂါ ဖြစ်ပွားဖူးသူများသည် နောက်ပိုင်းတွင် အသက်ရှုလမ်း ကြောင်းနှင့် ပတ်သက်သည့် ရောဂါများဖြစ်နိုင်သည်၊ အားနည်းချက်များ ဖြစ်နိုင်သည်ဆိုသည့် သုံးသပ်ချက်များကို ဖတ်ရပါကြောင်း၊ ယခုအချိန်ထိ မှန်သည်မမှန်သည်ကို ပြော၍မရသေး ပါကြောင်း။

ယခုအချိန်တွင် တစ်နိုင်ငံလုံး စီးပွားရေးစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါကြောင်း၊ မိမိတို့အား လှူဒါန်းခဲ့သည့် လုပ်ငန်းရှင်ကြီးများသည်လည်း ၎င်းတို့၏လုပ်ငန်းများ ယခု ၄၊ ၅ လအတွင်း ပုံမှန်မလည်ပတ်နိုင်ပါကြောင်း၊ လိုအပ်ချက်များအတွက် အစိုးရအနေဖြင့် နိုင်ငံ့ ဘဏ္ဍာငွေများထဲမှ ရှာဖွေပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည် ဖြစ်ပါကြောင်း၊ ပြည်သူများက ဝိုင်းဝန်းပံ့ပိုးပေး မည်ဆိုပါက များစွာဝမ်းသာရမည် ဖြစ်ပါကြောင်း၊ တရားမဝင် သည့် နည်းလမ်းဖြင့် နေပြည်တော်အတွင်းသို့ ဝင်ရောက်သူများကို သတိပေးလိုပါကြောင်း၊ တရားမဝင်သည့် နည်းလမ်းဖြင့် မဝင်ရောက်ကြရန် လိုအပ်ပါကြောင်း၊ တခြားဒေသများမှ ပြန်လာလျှင်လည်း အသိပေးပြီး စစ်ဆေးခံကြရန် လိုအပ်ပါကြောင်း၊ စမ်းသပ်ခကိုများစွာ လျော့ထားပါကြောင်း၊ ပြည်သူများအနေဖြင့် ပိုက်ဆံမရှိ၍ ကျန်းမာရေးကုသစောင့်ရှောက်မှု မရဘူးဆိုသည်မျိုး မဖြစ်စေရပါကြောင်း၊ မသိမသာဝင်ရန် မကြိုးစား ကြစေလိုပါကြောင်း၊ မိသားစုနှင့် ပတ်ဝန်းကျင်ကလည်း ခွင့်မပြုရန်လိုကြောင်း၊ သက်ဆိုင်ရာ သို့ အသိပေးခြင်းမှာ အများဒုက္ခမရောက်ရန် ကူညီခြင်းဖြစ်ပါကြောင်း၊

ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် လာရောက်သူအားလုံးသည် ရန်ကုန် အခြေစိုက် နေထိုင်သူများမဟုတ်ကြောင်းကို သတိပြုရန် လိုပါကြောင်း၊ ရန်ကုန်မှ ပြန်လာသူ များမှာ ရခိုင်ပြည်နယ်မှ တစ်ဆင့် ရန်ကုန်၊ ရန်ကုန်မှ တစ်ဆင့် တခြားနေရာများသို့ ပြန်လာသူများ လည်း ဖြစ်နိုင်ပါကြောင်း၊ ရန်ကုန်တွင် ထိန်းချုပ်နိုင်ပါက မိမိတို့နိုင်ငံအတွက် အောင်မြင်မှုကြီး တစ်ခုဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ယခု စိန်ခေါ်မှုကြီး နှစ်ခုကို တစ်ပြိုင်တည်း ရင်ဆိုင်နေ ရပါကြောင်း၊ ပထမတစ်ခုမှာ ကိုဗစ်ရောဂါ အောင်အောင်မြင်မြင်ထိန်းချုပ်ရေးနှင့် ဒုတိယ တစ်ခုမှာ အထွေထွေ ရွေးကောက်ပွဲဖြစ်မြောက်ရေးဖြစ်ပါကြောင်း၊ ယင်းနှစ်ခုမှာ အချိန်ကာလ ကြောင့် ဆက်စပ်နေပါကြောင်း၊ မိမိအနေဖြင့် အားလုံးကို အောင်မြင်အောင် လုပ်ဆောင်စေ လိုပါကြောင်း၊ မိမိတို့ လုပ်ရမည့်အလုပ်ကို အောင်မြင်အောင်လုပ်ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ အင်အားဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ရုပ်ပိုင်းဆိုင်ရာ မချမ်းသာသော်လည်း စိတ်ဓာတ် ပိုင်းဆိုင်ရာနှင့် စွမ်းဆောင်မှုပိုင်းဆိုင်ရာ ချမ်းသာပါက မည်သည့်ပြဿနာမဆို ကျော်လွှား နိုင်မည်ဖြစ်ပါကြောင်း၊ ယခု ပြဿနာကြီးနှစ်ခုကို တစ်ချိန်တည်းတွင် ကျော်လွှားနိုင်မည် ဆိုပါက မိမိတို့နိုင်ငံအတွက် အင်အားများစွာဖြစ်ပါကြောင်း၊ နောင်တွင်လည်း မည်သည့် စိန်ခေါ်မှုမဆို ကျော်လွှားနိုင်သည်ဆိုသည့် စိတ်ဓာတ်မျိုး ပြည်သူများတွင် ရှိစေလိုပါကြောင်း၊ မိမိမှာ လွတ်လပ်ရေးရပြီးကာစ ကာလတွင် ကြီးပြင်းလာခဲ့သူ တစ်ဦးဖြစ်ပါကြောင်း၊ မိမိ ငယ်စဉ်အချိန်က လွတ်လပ်ရေးလှုပ်ရှားမှုအကြောင်း၊ မိမိတို့နိုင်ငံ မည်သို့ လွတ်လပ်ရေး ရအောင် လုပ်ဆောင်ခဲ့သည့်အကြောင်းများကို ငယ်စဉ်ကပင်ကြားနေခဲ့ရပါကြောင်း၊ မြန်မာ နိုင်ငံသည် ဂျပန်တော်လှန်ရေးတွင်လည်းအောင်မြင်ခဲ့ပါကြောင်း၊ ဗြိတိသျှအင်ပါယာအောက်မှ လည်း လွတ်လပ်ရေးရရှိအောင် လုပ်နိုင်ခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံသည် မည်သည့်အရာမဆို သန္နိဋ္ဌာန်ချ၍ လုပ်မည်ဆိုပါက အောင်အောင်မြင်မြင်လုပ်ခဲ့နိုင်သည်ဆိုသည့် စိတ်ဓာတ်များ နှင့် ပြည့်ဝခဲ့ပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံကို ငယ်စဉ်အခါက ကမ္ဘာပေါ်တွင် အတော်ဆုံး၊ အချမ်းသာဆုံး နိုင်ငံဟု မြင်ပါကြောင်း၊ တစ်ကမ္ဘာလုံး ဗမာစကားတတ်သည်ဟု ထင်ခဲ့ပါ ကြောင်း၊ ကမ္ဘာကို မြန်မာကလွှမ်းထားသည်ဟု မိမိတို့ မျိုးဆက်များကထင်ခဲ့ပါကြောင်း၊ မိမိတို့ မိဘများ၏ အောင်မြင်မှုကြောင့် ဖြစ်ပါကြောင်း။

မိမိတို့၏ မိဘများမှာ လွတ်လပ်ရေးရရှိအောင်လုပ်ဆောင်ခဲ့သည့် မျိုးဆက်ဖြစ်သည့် အတွက် ၎င်းတို့မှ မွေးဖွားလာသည့် မိမိတို့တွင် မည်သည့်အရာမဆို အောင်မြင်အောင် လုပ်ဆောင်နိုင်သည်ဆိုသည့် စိတ်ဓာတ်၊ ယုံကြည်ချက်မှာ တော်တော်များများတွင် ရှိနေပါ ကြောင်း၊ ယခုအရာသည်လည်း ပြည်သူများတွင် ယုံကြည်ချက်ရှိရန် လုပ်နိုင်သည့် အခွင့် အလမ်းတစ်ရပ်ဖြစ်ပါကြောင်း။

တစ်ဦးချင်း တစ်ဦးချင်းက ကိုဗစ် မပြန့်ပွားရေးအတွက် လုပ်ဆောင်ရမည်ဖြစ်ပါ ကြောင်း၊ မိမိတွင် ကိုဗစ်ရောဂါ ကူးစက်မှုရှိနိုင်လျှင် သက်ဆိုင်ရာဌာနသို့ အသိပေးလိုက်ခြင်း သည် ရောဂါမပြန့်ပွားရေးအတွက် ခြေလှမ်း တစ်လှမ်း လှမ်းခြင်းဖြစ်ပါကြောင်း၊ ယင်းသို့ လုပ်နိုင်ရန်နှင့် လုပ်ဆောင်ရဲသည့် သတ္တိရှိရန် We Love Yangon ကဲ့သို့အဖွဲ့များ၊ အခြားလူမှု အဖွဲ့အစည်းများနှင့် ပြည်သူများက ဝိုင်းဝန်းကူညီပေးစေလိုပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အတတ်နိုင်ဆုံး လုပ်ဆောင်နေပါကြောင်း၊ နိုင်ငံတော်ကလည်း ပံ့ပိုးပေးမည် ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း လုပ်အားအလှူဒါန၊ ငွေအင်အားဖြင့် ဝိုင်းဝန်းကူညီပံ့ပိုးပေးမည်ဆိုပါက အစိုးရအတွက် တစ်တပ်တစ်အားပင် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ချစ်ကိုဟန် က ရန်ကုန်သူ၊ ရန်ကုန်သားများသည် မည်သည့်အခါမျှ မညံ့ခဲ့ပါကြောင်း၊ မိမိတို့ရန်ကုန်မြို့တွင် ယနေ့ Quarantine ဝင်နေရသူလူဦးရေ (၆၀၀၀) ခန့်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်မှ ပြန်လာသည့် လူဦးရေ ၁၀၀၀ ကို နှစ်ရက်အတွင်း နေရာဖန်တီး ပေးခဲ့ရပါကြောင်း၊ ယခု Contact များလာသည့်အတွက် လူဦးရေ ၁၀၀ဝ ခန့်ကို (၅) ရက် အတွင်း Quarantine Center (၇)ခု အသစ်ဖွင့်လှစ်ပြီး ဆောင်ရွက်ခဲ့ရပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ကျန်းမာရေး ဌာနမှ ဝန်ထမ်းများအပြင် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ဦးနိုင်ငံလင်း၊ ဒေါ်နီလာကျော်တို့ဖြင့် နေ့၊ ညအချိန်မရွေး ဆက်သွယ်ပြီး ဆောင်ရွက်ရပါ ကြောင်း၊ လူဦးရေ ၁၀၀၀ ကျော်၊ ၂၀၀၀ ကျော်အတွက် ရက်ပိုင်းအတွင်း နေရာအခက်အခဲ မဖြစ်စေရန် ဖန်တီးပေးခဲ့ရပါကြောင်း၊ ယင်းသို့ဖန်တီးပေးရာတွင် ယခင် Yangon Standard ကိုမမှီ ခြင်းများလည်းရှိပါကြောင်း၊ ယခင် Quarantine Center လောက်မပြည့်စုံခြင်းများ တွေ့ခဲ့ရသည့်အတွက် ပြည်သူလူထုအနေဖြင့် နားလည်မှု ပေးစေလို ပါကြောင်း၊ Volunteer များအနေဖြင့်လည်း ၅ လ ၆ လခန့်ဆက်တိုက် ဆောင်ရွက်ခဲ့ကြပြီး လုပ်ငန်းခွင်ပြန်ဝင် ကြသူများလည်း ရှိပါကြောင်း၊ ထို့ကြောင့် ထပ်မံ၍ တိုင်းဒေသကြီး Volunteer များအပြင် တိုင်းဒေသကြီး ကြက်ခြေနီအသင်းကို အကူ အညီတောင်းပြီး မင်းဓမ္မ၌ လူဦးရေ ၇၀၀ ရှိ Quarantine Center စီမံခန့်ခွဲနေရပါကြောင်း။

လှိုင် Quarantine Center တွင်လည်းလူဦးရေ ၅၀၀ ခန့်ကို ဆေးတက္ကသိုလ်(၂) ကျောင်းသားသမဂ္ဂမှ လုပ်အားပေးလာရောက်၍ ဆောင်ရွက်ပေးနေပါကြောင်း၊ ရန်ကုန် မြို့မှ တခြားအဖွဲ့အစည်းများကလည်း မိမိတို့ကို ကူညီရန် လာရောက်ဆက်သွယ်ပေး စေလိုပါ ကြောင်း၊ မိမိအနေဖြင့် မြို့သူ၊ မြို့သားများကိုပြောကြားလိုသည်မှာ Contact Tracing ကို ရှာသည့်အခါတွင် ရောဂါပိုးရှိသူနှင့် ထိတွေ့ခဲ့သူ ရပ်ကွက်၌ရှိနေပြီ ဆိုပါက ကြောက်ကြပါ ကြောင်း၊ ၎င်းတို့အနေဖြင့် Quarantine Center သို့ မြန်မြန်ဆန်ဆန် ပို့ဆောင်စေလိုပါ ကြောင်း၊ မိမိတို့အနေဖြင့်လည်း မြန်ဆန်စွာ လက်ခံ လိုသော်လည်း လူ(၄) (၅)ယောက် တစ်ခေါက်လာပြီးနောက် နောက်ရပ်ကွက်တစ်ခုမှ လူ(၄) (၅)ယောက်က တစ်ခေါက်လာ ခြင်းမျိုး ဖြစ်နေပါကြောင်း၊ မိမိတို့ Volunteer များတွင် လူနည်းပါးသည့် အတွက် PPE ဝတ်စုံအပြည့်ဖြင့် ကြိုဆိုနေရာချထားရာတွင် များစွာ ပင်ပန်းပြီး ဝတ်စုံများ လည်း ကုန်ကျပါကြောင်း၊ ထို့ကြောင့် တက္ကသိုလ်ဆေးရုံ အုပ်ကြီး ဒေါက်တာကျော်စွာလွင် နှင့်မိမိတို့အနေဖြင့် အချိန်ကာလကို စုစည်းပါကြောင်း၊ ယနေ့တွေ့ရှိသည့် လူနာများကို မွန်းလွဲပိုင်း (၃)နာရီ (၄)နာရီ တွင်အားလုံးကို တပြိုင်တည်း အချိန်ကိုက်စုစည်း၍ ထားရှိမည့် နေရာကိုရောက်ရှိစေရန် ပို့ဆောင်ပေးပါ ကြောင်း။

ထိုမှသာ လက်ခံရသည့် Volunteer များက အဆင်ပြေပြီး ပင်ပန်းမှုသက်သာမည် ဖြစ်ကာ PPE ဝတ်စုံများလည်း သက်သာမည်ဖြစ်ပါကြောင်း၊ ထို့သို့ အချိန်ကိုက်ရောက်ရှိရန် Ambulance အဖွဲ့များကလည်း အခေါက်ပေါင်းများစွာ တစ်စီးလျှင်လူတစ်ဦးနှုန်းနှင့် မိသားစု ဆိုလျှင် နှစ်ဦးနှုန်းဖြင့် ပို့ဆောင်နေရပါကြောင်း၊ ကိုဗစ်-၁၉ တွေ့ရှိနေသည့်သူများမှာ လည်း ယနေ့တွင် လူဦးရေ ၁၅၀၊ ၁၆၀ ဖြစ်သည့်အတွက် အခေါက်ပေါင်းများစွာ မောင်းနှင်ပေးနေရပါ ကြောင်း၊ အားလုံးက ဝိုင်းဝန်းကူညီကြသည့်အတွက် အောင်မြင်ခြင်း ဖြစ်ပါကြောင်း၊ ယခုအခါ အလှူပစ္စည်းများလည်း နည်းပါးလာပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအနေဖြင့်လည်း Quarantine ဝင်နေသူများ၏ အခြေခံလိုအပ်ချက်များ ရရှိနိုင်ရန် ရုန်းကန် နေရပါကြောင်း၊ ယင်းနေရာတွင် လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ပစ္စည်းတင်သည့် trolley များမှာသတ်မှတ် သည့် အထဲတွင် မပါဝင်ပါကြောင်း၊ မပါသည့် အတွက် အလှူခံရပါကြောင်း၊ ကိုယ်တိုင်လည်း စီမံခန့်ခွဲသကဲ့သို့ လိုအပ်သည့်ပစ္စည်းများ ကိုလည်း ဆက်သွယ် အလှူခံရခြင်းများလည်း လုပ်ရပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်စကား ပြောသည့် icon စကားပြောစက်များ၊ လူနာများနှင့် ဧည့်သည်များ ဆက်သွယ်ရန် အထိုင်ဖုန်းများမှာ မိမိတို့ သတ်မှတ်ချက်များတွင် မပါပါကြောင်း၊ Quarantine ဝင်ရောက်လာသူများထဲမှ တချို့နိုင်ငံ ခြားမှ ပြန်လာသူများတွင် မြန်မာနိုင်ငံတွင်သုံးသည့် Sim Card မပါသည့်အတွက် Sim Card များပေးရပါကြောင်း၊ တစ်ဦးချင်းမပေးနိုင်သည့်တိုင် အခန်းတစ်ခန်းလျှင် နှစ်ယောက်နေပါက နှစ်ယောက် တစ်ကတ်နှုန်း၊ သုံးယောက် တစ်ကတ်နှုန်းဖြင့် ပေးပြီး ၎င်းတို့နှင့်ဆက် သွယ်နိုင်ရန် ၊ မိသားစု ဝင်များအား ဆက်သွယ်နိုင်ရန် ပံ့ပိုးပေးရပါကြောင်း၊ ခြုံပြောရပါက လုပ်ငန်းဆောင်ရွက် ရာတွင် လိုအပ်သည့် ပစ္စည်းများအား မိမိတို့ဘာသာ ရှာဖွေဆောင်ရွက်ပေးရပါကြောင်း၊ ပြည်သူလူထု အားမေတ္တာရပ်ခံလိုသည်မှာ Quarantine Center များသို့ ရောက်သွားပါက သတ်မှတ်ထားသည့် စည်းကမ်းချက်များအား လိုက်နာနေထိုင်ကြစေလိုကြောင်း၊ စည်းကမ်း လိုက်နာလျှင် မည်သူမျှအလုပ်ရှုပ်မည် မဟုတ်ကြောင်း၊ စည်းကမ်းမလိုက်နာပါက Quarantine Center တွင် နေထိုင်သူများ အလုပ်ရှုပ်မည့်အပြင် Volunteer များ အနေဖြင့်လည်း အလုပ်အပိုများ လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ ရံဖန်ရံခါ လုံခြုံရေး ရဲတပ်ဖွဲ့များပင် ဝင်ရောက်ကာ ဖြေရှင်းရသည့်ကိစ္စများလည်း ဖြစ်တတ်ပါကြောင်း၊ တချို့မှာ အိမ်က ပစ္စည်းများပေးပို့လျှင် ခြင်းတောင်းတစ်လုံးစာခန့် အကြီးကြီးပေးပို့ကြ ပါကြောင်း၊ Volunteer များမှာ ယင်းပစ္စည်းများအား Quarantine ဝင်ရောက်သူများထံ အရောက်ပေးပို့ ပေးရပါကြောင်း၊ အရက်သောက်တတ်သူများ၊ ဆေးလိပ်သောက်တတ်သူ များပါလျှင် ခိုး၍ ထည့်ပေးကြ ပါကြောင်း၊ မိမိတို့အနေဖြင့် ဖွင့်ဖောက်ပြီးစစ်သည့်အတွက် ယင်းသို့ မလုပ်ကြရန် မေတ္တာရပ်ခံ ပါကြောင်း၊ ရန်ကုန်တွင်လူဦးရေများသည့်အတွက် အခက်အခဲ၊ စိန်ခေါ်မှုများ၊ ဝန်ထုပ်ဝန်ပိုး များပြားပါကြောင်း၊ ထို့ကြောင့် ယခု ၂ ပတ်၊ ၃ ပတ်ခန့် Stay Home ကာလအား တင်းတင်းကျပ်ကျပ် ဆောင်ရွက်မည်၊ မလိုလားအပ်သည့် လုပ်ငန်းများမလုပ်ဘဲ မိမိတို့ အိမ်တွင် တိတိကျကျ နေထိုင်လိုက်ကြမည်ဆိုပါက ရှေ့ကပြေး နေသည့် ရောဂါအား ဟန့်တားနိုင် မည်ဖြစ်ပါကြောင်း၊ နောက်ကလိုက်နေသည့် ကျန်းမာရေး ဝန်ထမ်းများမှာ တက်စုံ၊ ရွက်ကုန်ဖွင့်ကာ လိုက်နေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ရှေ့က ပြေးနေသည့် ရောဂါအား အနည်းငယ်ဟန့်တားနိုင်လျှင် ဝန်ထုပ်ဝန်ပိုးများ လျော့ကျသွားရန်အတွက် Quarantine ကာလအား ၁၄ ရက်အဖြစ် လျော့ချပေးရန် ဝန်ကြီးဌာနမှ စီစဉ်နေ သည်ဟု သိရှိရပါ ကြောင်း၊ နိုင်ငံတကာအတွေ့အကြုံအရလည်း ၁၄ ရက်ဆိုပါက လုံလောက် သည့် အနေအထားရှိသည်ဟု သိရပါကြောင်း၊ ယင်းနှစ်ခုကို ဟန်ချက်ညီအောင် ဆောင်ရွက် နိုင်မည်ဆိုပါက ရန်ကုန်တွင် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်မည်ဟု တင်ပြလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ် အမှာစကားပြောကြားရာ (၁၄) ရက်ဆိုသည့် ကိစ္စကို အများနားလည်ရန် ရှင်းပြလို ပါကြောင်း၊ အစောပိုင်း ကိုဗစ်-၁၉ စတင်ဖြစ်ပွားသည့်အချိန်က (၁၄)ရက်ဆို ပြီး သတ်မှတ်ပါကြောင်း၊ နောက်ပိုင်းတွင် (၁၄)ရက် Quarantine ထားရှိ ပြီးမှ ရောဂါပိုးတွေ့ရှိသူ ရှိသည့်အတွက် မလုံလောက်၍ (၂၁)ရက် ဟု သတ်မှတ်ပါကြောင်း၊ ယခု အချိန်တွင် (၁၄)ရက် လျှော့ရန် လက်ခံရခြင်းမှာ စမ်းသပ်မှုများတွင် ရောဂါပိုးသည် (၁၄)ရက်ကြာပြီးနောက် အခြားသူကို မကူးစက်ကြောင်း ကို တွေ့ရှိ ရသည်ဟု နားလည်ပါကြောင်း၊ ရောဂါပိုး မရှိခြင်းမဟုတ်ပါ ကြောင်း၊ သို့သော် ယင်းရောဂါသည် အခြားသူသို့ ကူးစက်နိုင်သည့် အဆင့် မဟုတ်ပါကြောင်း၊ နိုင်ငံတကာ ကျန်းမာရေးအဖွဲ့များက ထိုသို့ တွေ့ရှိထားသည့် အတွက် အပြင်မှာ သွားလာနေသည်မှာ ပြဿနာမဖြစ်နိုင်ပါကြောင်း၊ နှစ်ပတ်သာ ထားရှိမည်ဆိုလျှင် Quarantine နေရာများလည်း ပိုမိုအဆင့်သင့် ဖြစ်ပြီး လိုအပ်သည့်နေရာများအတွက် ပိုမိုလစ်လပ်သွားမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းများအတွက် ယင်းအခြေအနေကို ပိုမို ကိုင်တွယ်နိုင်မည်ဟု ခန့်မှန်းပြီး ထိုသို့ စဉ်းစားခြင်းဖြစ်ပါကြောင်း၊ စိတ်ချရသည်ဆိုမှသာ လုပ်ဆောင်မည်ဖြစ်ပါ ကြောင်း၊ စိတ်ချရသည်မှာ ၉၀ ရာခိုင်နှုန်းကျော် ရှိပါကြောင်း၊ မကြာမီအချိန်တွင် တရားဝင်အသိပေး သွားမည်ဖြစ်ပါကြောင်း။

Video Conferencing ဖြင့် ဆွေးနွေးမှုများကို နိုင်ငံတော် သတင်းစာများနှင့် ရုပ်မြင်သံကြားများတွင် ထည့်သွင်းဖော်ပြပါကြောင်း၊ မိမိ အနေဖြင့် စဉ်းစားသည်မှာ ဒေါက်တာ ချစ်ကိုဟန် ဆွေးနွေးသွား သည့်အချက်များကိုသာ ကောက်နုတ်၍ ရန်ကုန်အတွက် မည်သည့်အရာများ လိုအပ်သည်၊ မည်သည့်အရာများ ဖြစ်စေချင်သည်ဆို သည့် အချက်များကိုထုတ်၍ သတင်းစာများတွင် သီးခြားဖော်ပြပေးမည်ဖြစ်ပါကြောင်း၊ ရုပ်မြင်သံကြားတွင်လည်း ယင်း အချက်များကို တင်ပြီး ပြည်သူများလွယ်လွယ်ကူကူဖြင့် မြင်နိုင်ရန် ဖော်ပြသွားမည် ဖြစ်ပါကြောင်း၊ စေတနာအရ ပံ့ပိုးပေးချင်လျှင် ပံ့ပိုးပေးနိုင် ရန်ဖြစ်ပါကြောင်း၊ နောက်ဆုံး တွင် အခြားနည်းဖြင့် ပံ့ပိုးမပေးနိုင်သော်လည်း မိမိစည်းကို စောင့်ခြင်းအားဖြင့် ပံ့ပိုးပေး နိုင်သည်ကို မြင်နိုင်ရန်ဖြစ်ပါကြောင်း၊ Quarantine သို့ရောက်မှ စည်းမျဉ်းစည်းကမ်းကို မလိုက်နာဘဲ ပြသနာရှာခြင်းမျိုး မလုပ်သင့်ပါကြောင်း၊ ယင်းကို ရှောင်ခြင်းအားဖြင့် ကူညီရာ ရောက်ပါကြောင်း၊ တခြားနည်းဖြင့် မကူညီနိုင် လျှင်လည်း ထိုနည်းဖြင့် အနည်းဆုံးကူညီပါဟု ပြည်သူများကို မေတ္တာရပ်ခံလိုပါကြောင်း၊ မိမိစည်းကို မိမိစောင့်ခြင်းဖြစ်ပါ ကြောင်း၊ အရက်သောက်ချင်သူကို အရက်ခိုးပြီး မတိုက်စေလိုကြောင်း၊ မဟုတ်သည့်နေရာတွင် မေတ္တာမပိုစေ လိုပါကြောင်း၊ မည်သူကိုမျှ အကျိုးမပြုပါကြောင်း၊ ယင်းကိစ္စများကို ရှောင်ကြရမည်ဖြစ်ပါကြောင်း။

မိမိတို့အားလုံး ဝိုင်းဝန်းဆောင်ရွက်မည်ဆိုပါက ကိုဗစ်ရောဂါကို ထိန်းချုပ်နိုင်ပါ ကြောင်း၊ ယခုအချိန်တွင် ထိန်းချုပ်ရန် အားလုံးကြိုးစားမည်ဆိုပါက (၃)ပတ်ခန့်အတွင်း ပိုမို၍ အသက်ရှုချောင်လာနိုင်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများ၊ ရန်ကုန်သူ၊ ရန်ကုန်သားများ အနေဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြစေလိုပါကြောင်း၊ ရန်ကုန်မြို့တွင် ကိုဗစ်ရောဂါ ထိန်းချုပ်ရန် အထူးလိုအပ်နေပါကြောင်း၊ ပြည်သူ့အင်အားကို အမြဲတမ်းယုံကြည်ပါကြောင်း၊ ပြည်သူသာလျှင် အဓိကဆိုသည်မှာ စကားအရမဟုတ်ဘဲ အလုပ်အရ တွေးထားသည့်ကိစ္စ ဖြစ်ပါကြောင်း၊ တကယ့်ကို ပြည်သူသည် အဓိကကျပါကြောင်း၊ ပြည်သူပါဝင်မှ မည်သည့် လုပ်ငန်းမဆို အောင်မြင်နိုင်ကြောင်းကို မိမိတို့ အတွေ့အကြုံအရ သိရှိပါကြောင်း၊ ထို့ကြောင့် ပြည်သူများပါဝင်ကြပါ၊ ပြည်သူများအနေဖြင့် မိမိတို့ဘဝအတွက်၊ မိမိနိုင်ငံအတွက် ဝိုင်းဝန်း ကူညီကြစေလိုပါကြောင်း ပြောကြားသည်။










Monday, September 7, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံနေ့အထိမ်းအမှတ်အဖြစ် အာဆီယံသံအမတ်ကြီးများအား video conferencing စနစ်ဖြင့် လက်ခံတွေ့ဆုံ၍ COVID-19 ကူးစက်ရောဂါတိုက်ဖျက်ရေး ကြိုးပမ်းမှုများဆွေးနွေး

 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံနေ့အထိမ်းအမှတ်အဖြစ် အာဆီယံသံအမတ်ကြီးများအား video conferencing စနစ်ဖြင့် လက်ခံတွေ့ဆုံ၍ COVID-19 ကူးစက်ရောဂါတိုက်ဖျက်ရေး ကြိုးပမ်းမှုများဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၄

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် (၅၃) ကြိမ်မြောက် အာဆီယံနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ရှိ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် ယနေ့နံနက် ၁၀ နာရီတွင် video conferencing စနစ်ဖြင့် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံပြီး COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ သတင်းအချက်အလက်များနှင့် အတွေ့အကြုံများကို အပြန်အလှန် ဆွေးနွေး ဖလှယ်ခဲ့ကြသည်။

အဆိုပါ video conference သို့ အာဆီယံနိုင်ငံများဖြစ်ကြသည့် ဗီယက်နမ်၊ ကမ္ဘော ဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနိုင်ငံတို့မှ သံအမတ်ကြီး များနှင့် ဘရူနိုင်းနိုင်ငံမှ သံရုံးယာယီတာဝန်ခံတို့ ပါဝင်တက်ရောက်ဆွေးနွေးကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် COVID-19 ကူးစက်ရောဂါကြောင့် နှစ်စဉ်ကျင်းပသည့် အာဆီယံနေ့အထိမ်းအမှတ်အခမ်းအနားကို ယခုနှစ်တွင် ကျင်းပနိုင်ခြင်းမရှိသော်လည်း ယနေ့ကျင်းပသည့် ဗီဒီယို ကွန်ဖရင့်မှ တွေ့ဆုံမှုက အာဆီယံ၏စည်းလုံးညီညွတ်ပြီး၊ အတူတကွပေါင်းစည်းသည့် အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းနိုင် စေခဲ့ကြောင်း၊ အာဆီယံ၏ပုံရိပ်ကို မြှင့်တင်ရာတွင်လည်းကောင်း၊ အာဆီယံပြည်သူများအကြား ပေါင်းစည်းညီညွတ်မှုကို ဖော်ဆောင်ရာတွင်လည်းကောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးတွင်ရှိသည့် အာဆီယံသံရုံးများ၏ အရေးပါမှုကို အသိအမှတ် ပြုကြောင်း၊ မြန်မာနိုင်ငံသားများ နေရပ်သို့ ပြန်နိုင်ရေးအတွက် ကယ်ဆယ်ရေးလေယာဉ်များ မြန်မာအစိုးရမှ စီစဉ်ဆောင်ရွက်ရာတွင် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ပေးကြသည့် အတွက် ရန်ကုန်မြို့အခြေစိုက် အာဆီယံသံရုံးများအား ကျေးဇူးတင်ရှိကြောင်း၊ COVID-19 ကူးစက်ရောဂါကြောင့် စိန်ခေါ်မှုများ ရင်ဆိုင်နေရသည့်ကာလတွင် အာဆီယံဥက္ကဋ္ဌတာဝန်ကို စံနမူနာပြုထိုက်စွာ ထမ်းဆောင်သည့် ဗီယက်နမ်၏အခန်းကဏ္ဍကို ချီးကျူးဂုဏ်ပြုကြောင်း၊ ကမ္ဘာ့ကပ်ရောဂါကို စုပေါင်းတုံ့ပြန်ကြရာတွင် “COVID-19 ကူးစက်ရောဂါတုံ့ပြန်ရေးတွင် ကုန်စည်များစီးဆင်းနိုင်မှု ချိတ်ဆက်ဆောင်ရွက်နိုင်ရေးနှင့် အာဆီယံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး ဟနွိုင်းလုပ်ငန်းစဉ်” ကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး အတွက် အတူတကွ ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အစိုးရအနေဖြင့် ကူးစက်ရောဂါကို အချိန်မီတုံ့ပြန်ဆောင်ရွက်ပြီး အခြေအနေကို ပြည်သူများထံသို့ အချိန်နှင့် တစ်ပြေးညီ အသိပေးလျက်ရှိသကဲ့သို့ လက်ရှိအခြေအနေအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် (၇) မြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ် (၅) မြို့နယ်တို့တွင် “နေအိမ်တွင် နေထိုင်ရေးအစီအစဉ်”များကို ချမှတ်ခဲ့ကြောင်း၊ နိုင်ငံတကာခရီးသွားများ မြန်မာနိုင်ငံသို့ ဝင်ရောက်မှုကို ကန့်သတ်ခြင်းနှင့် ပြည်ဝင်ဗီဇာထုတ်ပေးမှု ယာယီကန့်သတ်ထားရှိခြင်းတို့ကို စက်တင်ဘာလ ကုန်ပိုင်းအထိ တိုးမြှင့်ထားကြောင်း၊ အစိုးရအနေဖြင့် “မည်သူတစ်ဉီး တစ်ယောက်မျှ မကျန်ရစ်စေရေးမူ” ကို ကျင့်သုံးလျက် IDP များ၊ မသန်စွမ်းသူများအပါအဝင် ထိခိုက်လွယ်သည့် လူ့အဖွဲ့အစည်းများအတွက် အဓိကရည်ရွယ်သည့် လုပ်ငန်းစဉ်တစ်ရပ်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် အာဆီယံသံအမတ်ကြီးများက ၎င်းတို့၏ နိုင်ငံရှိ COVID-19 ကူးစက်ရောဂါ ဆိုင်ရာ နောက်ဆုံးအခြေအနေများနှင့် ကူးစက်ရောဂါ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်း ရာတွင် ၎င်းတို့အစိုးရအသီးသီး၏ ကြိုးပမ်းဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြ သည်။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အာဆီယံသံအမတ်ကြီးများက COVID-19 ကူးစက်ရောဂါ တုံ့ပြန်ရေးဆိုင်ရာ သတင်းအချက်အလက်များ၊ အတွေ့အကြုံများနှင့် အလေ့အထကောင်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ယင်းသို့ ဆွေးနွေးကြရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စိန်ခေါ်မှုများကို ရင်ဆိုင် ကျော်လွှားနိုင်ရန်အတွက် ပြည်သူတစ်ဦးချင်းအနေဖြင့် ချမှတ်ထားသည့် စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်း များကို တိကျစွာလိုက်နာရန် အရေးကြီးကြောင်း၊ အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရသည့် ကာလတွင် စားနပ်ရိက္ခာ၊ ဆေးဝါးများနှင့် အရေးပေါ်သုံးပစ္စည်းများအပါအဝင် မရှိမဖြစ်လိုအပ် သည့် ကုန်ပစ္စည်းများ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်နိုင်စေရန် လိုအပ်ကြောင်း၊ COVID-19 ကူးစက်ရောဂါကို တုံ့ပြန်ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် ကျေနပ်အားရကြောင်း၊ COVID-19 အလွန်ကာလကို COVID-19 မတိုင်မီကာလထက် သာလွန် ကောင်းမွန်စေရေးအတွက် အတူတကွ ဆက်လက်ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း လိုကြောင်း ပြောကြားသည်။










Coronavirus Disease 2019(COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအား စုံစမ်းရှာဖွေဖော်ထုတ်ခြင်း၊ ကာကွယ်၊ ထိန်းချုပ်ရေး စီမံဆ

 Coronavirus Disease 2019(COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအား စုံစမ်းရှာဖွေဖော်ထုတ်ခြင်း၊ ကာကွယ်၊ ထိန်းချုပ်ရေး စီမံဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်း၍ ပါဝင်ဆောင်ရွက်နေသူများနှင့် အပြန်အလှန်ဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၂

Coronavirus Disease 2019(COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအား စုံစမ်းရှာဖွေဖော်ထုတ်ခြင်း၊ ကာကွယ်၊ ထိန်းချုပ်ရေး စီမံဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ ရန်ကုန်တောင်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်စုမွန်တို့နှင့် ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ လက်တွေ့အခြေအနေများကို အပြန်အလှန် ဆွေးနွေးသည်။

ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် က နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် ကိုဗစ်ရောဂါ ကူးစက်ခံရသည်ဟု မှန်းဆရသည့်သူများ၏ အဆက်အသွယ်ကို လိုက်လံရှာဖွေခြင်းနှင့်ပတ်သက်ပြီး ယနေ့ ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ ပြန့်ပွားသွားနိုင်သည့် အခြေအနေရှိသည့်အတွက် မည်မျှအရေးကြီးသည်ကို အများပြည်သူသိရှိရန် လိုအပ်ပါကြောင်း၊ ယခုကိစ္စသည် ပြည်သူများ အားလုံးပူးပေါင်း ဆောင်ရွက်မှ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ အဆက်အသွယ်များကို လိုက်လံရှာဖွေရသည်မှာ မည်မျှခက်ခဲပြီး ငွေအား၊ လူအားနှင့် အချိန်အား မည်မျှသုံးရသည်ကို ပြည်သူများနားလည်စေလိုပါကြောင်း၊ နောက်ဆုံးကိန်းဂဏန်းအရ ရန်ကုန်မြို့တွင် ပြန့်ပွားမှု ပိုမို များပြားနေပါကြောင်း၊ ရန်ကုန်မြို့တွင် လူဦးရေများပြားပါကြောင်း၊ ထို့ပြင် ရန်ကုန်တွင် နေထိုင်ကြသူများသည် ယခု (၃) လ၊ (၄)လအတွင်း ပေါ့ဆလာကြပြီး စည်းမျဉ်း စည်းကမ်းများ လိုက်နာမှု အားနည်းလာကြပါကြောင်း။

သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအပြင် ညွန်ကြားချက်များ ထပ်မံထုတ်ပြန်ထားပါကြောင်း၊ စည်းမျဉ်းစည်းကမ်းများအရ အရေးယူမည် ဖြစ်ပြီး ပိုမို တင်းကျပ်သည့် သဘာဝဘေးအန္တရာယ်ဥပဒေဖြင့် အရေးယူမည်ကိုလည်း အများသိရှိစေရန် ပြောကြားထားပါကြောင်း၊ ယခုကဲ့သို့ တင်းတင်းကျပ်ကျပ် အရေးယူမည်ကို အချို့က မကြိုက်ပါကြောင်း၊ မည်သည့်အတွက်ကြောင့် အရေးယူရန် လိုအပ်သည်ကို နားလည်ရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ရန်ကုန်မြို့ကဲ့သို့ နေရာမျိုးတွင် ရောဂါပြန့်ပွားသွားပြီဆိုပါက အားလုံးကို ပြည့်ဝစွာ ကုသမှုပေးရန် များစွာ ခက်ခဲသွားမည် ဖြစ်ပါကြောင်း။

COVID နှင့် ရင်ဆိုင်နေရသည်မှာ နှစ်ဝက်ခန့်ရှိပြီဖြစ်ပါကြောင်း၊ ယခုအချိန်တွင် သေသေချာချာ ထိန်းသိမ်းနိုင်ပါက ကိုဗစ်အန္တရာယ်ကို ကျော်လွှားနိုင်မည်ဟု မှန်းဆနိုင်ပါ ကြောင်း၊ ကာကွယ်ဆေးကို တချို့နိုင်ငံများတွင် စတင်ထုတ်နိုင်ပြီဆိုသည့် သတင်းများ ထွက်နေပြီဖြစ်ပါကြောင်း၊ မည်မျှအထိ သေချာသည်ကို ပြော၍မရသေးပါကြောင်း၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က သေချာစွာ စိစစ်ပြီးမှ သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ ကိုဗစ်ရောဂါနှင့် ပတ်သက်ပြီး မိမိတို့ စည်းကမ်းရှိစွာဖြင့် ဆက်လက်ရင်ဆိုင်နိုင်ပါက ကြာရှည်စွာ ခံစားရမည် မဟုတ်ပါကြောင်း၊ စည်းမဲ့ကမ်းမဲ့ဖြစ်ပြီး ပြန့်ပွားသွားပါက ကြာသင့်သည်ထက် ပိုမိုကြာ သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာသက်စုမွန်က COVID-19 ရောဂါသည် ကမ္ဘာ့ကပ်ရောဂါအသွင် ဖြစ်ပွားလာခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံကို ရောဂါဖြစ်ပွားမှုမှ အတတ်နိုင်ဆုံးကာကွယ်နိုင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် တိုင်းဒေသကြီး/ပြည်နယ် အဆင့် ကော်မတီများ၏ လမ်းညွှန်မှုများအတိုင်း ဆောင်ရွက်နေပါကြောင်း။

ယမန်နေ့ညနှင့် ယနေ့မနက်ပိုင်း ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးတွင် Positive Case ၃၄ ဦးတွေ့ပါကြောင်း၊ ၃၄ ဦးထဲတွင် ဆေးရုံ၌ ကုသမှုခံယူရင်း ကိုဗစ် -၁၉ ရောဂါအတည်ပြုနိုင်သူ ၁၁ ဦးပါဝင်ပါကြောင်း၊ ကူးစက်ခံရသူ၏ မိသားစုများသည် ရပ်ကွက်၊ နေအိမ်များတွင်သာ ရှိနေကြပါကြောင်း၊ ဆေးရုံတွင် Contact tracing team ဖွဲ့ထားပြီး ဆရာဝန်များက မိသားစုဝင်များထံ ဖုန်းဆက်သွယ်ပြီး ရောဂါကူးစက်ခံရမှုနှင့် ရောဂါ အကြောင်းကို ရှင်းပြပါကြောင်း၊ ကူးစက်ရောဂါဖြစ်သည့်အတွက် အနီးကပ်ထိတွေ့သူများ၊ မိသားစုဝင်များတွင် ရောဂါကူးစက်ခံရနိုင်ပြီး ရောဂါပိုး ရှိနိုင်ကြောင်းကို ရှင်းပြပြီး မိသားစုများ၏ အမည်နှင့် လူစာရင်းကို ကောက်ယူ မှတ်သားပါကြောင်း၊ ယခုရောဂါသည် မြန်မြန်တွေ့ရှိပါက မြန်မြန်ကုသနိုင်ပြီး အမြန်ပျောက်ကင်းနိုင်ကြောင်းနှင့် ပတ်ဝန်းကျင်ကို မကူးစက်နိုင်ကြောင်း၊ ကျန်းမာရေးဌာနက လာခေါ်ပြီး စစ်ဆေးလျှင် လက်ခံပေးရန် ရှင်းပြပါ ကြောင်း။

Quarantine တွင် Primary Contact ကို Risk Level ခွဲပါကြောင်း၊ Level ခွဲပြီးချိန်တွင် အမှန်တကယ် မိမိတို့အိမ်တွင် အတူနေ၊ အတူသွား၊ အတူစား နေထိုင်ခဲ့သည့် Primary Contact များကို Quarantine ဝင်ရန် လုပ်ဆောင်ပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့က စီစဉ်ပေးထားသည့် Quarantine Centre များတွင် သွားရောက်နေ ထိုင်ပေးရန်နှင့် နေထိုင်နေစဉ်အတွင်း ဓာတ်ခွဲစစ်ဆေးပေးရန် သက်ဆိုင်ရာ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူးများပါဝင်သည့် ကိုဗစ်ကော်မတီများနှင့်ချိတ်ဆက်ပေးပါကြောင်း၊ အိမ်တွင်နေထိုင်သည့် Contact များကို Quarantine Centre ကို ပို့ရာတွင် ပရဟိတ သူနာပြုယာဉ်များကို အသုံးပြုပါကြောင်း၊ ယင်းနေရာတွင် စေတနာ့ဝန်ထမ်းများ၏ ကူညီ ဆောင်ရွက်ပေးမှုများမှာ အရေးပါ ထိရောက်ပါကြောင်း၊ ယခုနှစ်ရက်အတွင်း လူနာ အမှတ်စဉ်တစ်ခုမှ Contact များရှာဖွေရာတွင် Quarantine ထဲရောက်နေသူများထဲမှ ၂၅ ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ပြီး Quarantine ထားနိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့် ၂၅ ဦးမှ ရောဂါ ဆက်လက်ပြန့်ပွားမှုကို အချိန်မီ ကာကွယ် ထိန်းချုပ်နိုင်ခဲ့ပါကြောင်း။

မိသားစုဝင်များအား ဆက်သွယ်ရာတွင် ဖုန်းဆက်မရသည့် အခက်အခဲမျိုး ရှိပါကြောင်း၊ တစ်ခါတစ်ရံ ဖုန်းဆက်သွယ်ပြောရာတွင် မယုံကြည် ခြင်းများရှိပါကြောင်း၊ Video Call ဖွင့်၍ ယုံကြည်လာအောင် မိမိတို့၏ ပုံကိုပြရခြင်းမျိုး ရှိပါကြောင်း၊ ကာယကံရှင်များအနေဖြင့် ပတ်ဝန်းကျင်မှ ခွဲခြားဆက်ဆံခြင်းခံရမည်ကို စိုးရိမ်မှုများ ရှိကြပါကြောင်း၊ မေ ၁၇ ရက်နောက်ပိုင်းတွင် ရန်ကုန်၌ ဒေသတွင်းကူးစက်မှု မရှိတော့ဘဲ Flight Returning, Border Returning များထဲမှသာ တွေ့နေရသဖြင့် team တွင်ရှိသည့် ဆရာဝန်များနှင့် လုပ်ဆောင်နိုင်ခဲ့ပါကြောင်း၊ ရခိုင်တွင် ဩဂုတ်လ ဒုတိယပတ်၊ တတိယပတ် တွင် စတင်တွေ့ရှိပြီးနောက် ရန်ကုန်တွင် ရောဂါပိုး တွေ့ရှိမှုများလာသည့်အတွက် ဆရာဝန် အများအပြား လိုအပ်လာပြီး ခရိုင်မှ ဆရာဝန်များကိုပါ အဆိုင်းများခွဲကာ တာဝန်ပေးအပ်ခဲ့ရ ပါကြောင်း၊ Quarantine Centre များပြားလာသည့်အတွက် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ဝိုင်းဝန်း ကူညီလုပ်ဆောင်ရန် လိုအပ်ပါကြောင်း ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က မိမိအနေ ဖြင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူးရုံးအဖွဲ့ ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေပါကြောင်း၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများအပြင် Contact Tracing လိုက်သည့်လုပ်ငန်းများ၊ အသိပညာပေး လုပ်ငန်းများနှင့် အခြား အုပ်ချုပ်မှုလုပ်ငန်းများ အားလုံးကို ပူးပေါင်းပါဝင်ဆောင်ရွက်နေပါကြောင်း၊ ကော်မတီရုံး အဖွဲ့ကို မိမိဦးစီး၍ ပြည်ထောင်စုဝန်ကြီးဌာန(၁ဝ)ခုမှ ညွှန်ကြားရေးမှူးများ အပါအဝင် (၂၁) ဦးဖြင့် ဖွဲ့စည်းထားပါကြောင်း၊ မိမိတို့တွင် တာဝန် (၁၁)ရပ်ရှိပါကြောင်း၊ ယင်းတာဝန်များ အတွက် လုပ်ငန်းအဖွဲ့ (၁၁)ဖွဲ့ ဖွဲ့စည်းပြီး ၂၄ နာရီပတ်လုံး နေ့ဆိုင်း၊ ညဆိုင်းဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြီးခဲ့သည့်ကာလတွင် ပုံမှန်ဝင်ငွေမရရှိသည့် မိသားစုများကို ရိက္ခာ(၅)မျိုး ထောက်ပံ့ခဲ့ခြင်းများ ရှိပါကြောင်း၊ လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး အတွက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများနှင့် နေ့စဉ် Video Conferencing ဖြင့် ဆွေးနွေးပြီး အခက်အခဲများကို ပေါင်းစပ် ညှိနှိုင်းဖြေရှင်းပေးပါကြောင်း။

ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်ကာလတွင် အများအသုံးပြုလျက်ရှိသည့် လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းမှားများ ဖြန့်ဝေပြီး လူထုအထိတ်တလန့်ဖြစ်အောင် ဆောင်ရွက်ခြင်း၊ မလိုလားအပ်ဘဲ လူစုလူဝေးဖြစ်ပေါ်အောင် ဆောင်ရွက်ခြင်း၊ အချို့နေရာများနှင့် ရပ်ကွက် များ၌ ရောဂါရှိနေသူ ရောက်ရှိနေပြီဆိုသည့်သတင်းများ ဖြန့်ဝေခြင်း၊ မည့်သည့်နေရာတွင် ဆန်၊ ဆီ၊ ဆားများ ဖြန့်ဝေပေးနေပြီး သွားရောက်ယူကြပါ ဆိုသည့်အတွက် မလိုလားအပ်ဘဲ လူစုလူဝေးများ ဖြစ်ပေါ်ခြင်းများရှိပါကြောင်း၊ ရောဂါကြောင့် စိုးရိမ်သောကရှိနေသည့် အချိန်တွင် မလိုလားအပ်ဘဲ စိုးရိမ်သောကများ၊ ကြောက်လန့်မှုများ ပိုမိုလာအောင် အဖျက် အမှောင့်လုပ်သည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနရှိ နည်းပညာဌာနက အမြဲစောင့်ကြပ်ကြည့်ရှုလျက်ရှိပါကြောင်း။

အရေးယူဆောင်ရွက်မှုနှင့် ပတ်သက်၍ (၈)လပိုင်းအထိ Website (၅)ခု၊ Page (၁၅)ခု၊ Group (၃)ခုနှင့် account (၃၅)ခု စုစုပေါင်း(၅၈)ခုကို ပယ်ဖျက်ခဲ့ပါကြောင်း၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့်လည်း အရေးယူထားပါကြောင်း၊ သတင်းအမှန်များ ရရှိအောင် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် Stop COVID-19 Application ကို လုပ်ဆောင်ထားပါ ကြောင်း၊ ယင်း Application နှင့်ပတ်သက်၍ အဆင့်ဆင့် တင်ပြခွင့်ပြုချက်ရယူပြီး စတင်ထုတ်လွှင့်သည့်အချိန်တွင် အသုံးပြုသူ (၃)သောင်းရှိပြီး ယခုအချိန်တွင် (၇)သိန်းအထိ အသုံးပြုလျက်ရှိပါကြောင်း၊ ယင်း Application ၏ အဓိကအချက်မှာ သတင်း အမှန်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပေးခြင်း ဖြစ်ပါကြောင်း၊ ကမ္ဘာတွင် ဖြစ်ပေါ်နေသည့် နောက်ဆုံးသတင်းများ၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့်သတင်းများ၊ သိသင့် သိထိုက်သည့် အမိန့်နှင့် ညွှန်ကြားချက်များကို ပြည်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိအောင် တင်ပြပေးလျက်ရှိသည့် Application တစ်ခုဖြစ်ပါကြောင်း။

မိမိတို့၏ အတွင်းရေးမှူးရုံးအဖွဲ့ စတင်ဖွဲ့စည်းစဉ်ကတည်းက Hot Line ဖုန်း နှစ်လုံး တပ်ဆင်ခဲ့ပါကြောင်း၊ Hot Line ဖုန်း တပ်ဆင်ရသည့်အကြောင်းအရင်းသည် ပြည်သူများတွင် မည်သည့် အခက်အခဲရှိသည်၊ မည်သည့်ဥပဒေရေးရာ ဖောက်ဖျက် ကျူးလွန်မှုများ ခံစားနေရသည်ကို သိရှိလိုခြင်းဖြစ်ပါကြောင်း၊ ၂၄ နာရီ နေ့၊ည တာဝန်ပေး၍ သတင်းရယူလျက်ရှိပါကြောင်း၊ ပေးပို့လာသည့် သတင်းများကို သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့်ချိတ်ဆက်၍ အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ အများဆုံးပေးပို့သည့် သတင်းများမှာ မည်သည့်နေရာတွင် ပြည်ပမှပြန်လာသူ သတင်းမပို့ဘဲ ရောက်ရှိနေသည်၊ မည်သည့်နေရာတွင် တရားဝင် ခွင့်ပြုချက်မရဘဲ ဝိုင်းကျူရှင် ဖွင့်လှစ်နေသည်၊ KTV ဖွင့်လှစ်နေသည် စသည့် သတင်းများ ဖြစ်ပါကြောင်း၊ ထိုသို့ရရှိခြင်းကြောင့် တရားဥပဒေစိုးမိုးရေးအတွက် ချက်ချင်း အရေးယူဆောင်ရွက်နိုင်သည့် အပိုင်းများရှိပါကြောင်း၊ ထို့ကြောင့် Hot Line ဖုန်းနှစ်လုံးဖွင့် လှစ်ထားခြင်းသည် တရားဥပဒေစိုးမိုးရေး အတွက် အထောက်အကူပြုပါကြောင်း။

ဗဟိုကော်မတီမှ ညွှန်ကြားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို ပြည်သူက တိတိ ကျကျလိုက်နာရန် လိုအပ်ပါကြောင်း၊ ယင်းမှာ တရားဥပဒေစိုးမိုးရေးအတွက် များစွာ အထောက် အကူပြုပေးသည့် အချက်တစ်ချက်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူး စုံစမ်းစစ်ဆေး ရေးအဖွဲ့နှင့် သတင်းတပ်ဖွဲ့များ၏ အကူအညီကို ထိထိရောက်ရောက်ရယူပြီး သတင်းအချက် အလက်များစုဆောင်းပါကြောင်း၊ ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကို ပြည်သူများလိုက်နာမှု ရှိ၊ မရှိ၊ ဈေးများအတွင်း သွားလာလှုပ်ရှားမှုများ၊ စားသောက်ဆိုင် များတွင် ထုတ်ပြန်ထားသည်များနှင့်အညီ ဆောင်ရွက်မှု ရှိ၊ မရှိ၊ ကျောင်းများ ဖွင့်သည့် အချိန်တွင် ကျောင်းသားမိဘများနှင့် ကျောင်းသူကျောင်းသားများ ကျောင်းတက်လာသည့် အနေအထားများ၊ ဘတ်စ်ကား စနစ်တကျစီးနင်းမှု ရှိ၊ မရှိ စသည်တို့ကို သတင်းရယူကာ အမျိုးသားအဆင့်ဗဟိုကော်မတီကို ပြုစုတင်ပြပါကြောင်း၊ ထို့ပြင် အဓိက လက်တွေ့ ဆောင်ရွက်ရမည့် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ် ကော်မတီများကို မည်သည့်နေရာ၊ မည့်သည်ရပ်ကွက်တွင် mask တပ်ခြင်းများမရှိကြောင်း၊ Social Distancing လိုက်နာခြင်း မရှိကြောင်းကို ဓာတ်ပုံများနှင့်တကွ ချပြ၍ သွားရောက် ကြပ်မတ်ရန် အမြဲမပြတ် ညွှန်ကြားခဲ့ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကော်မတီ များက ယင်းနေရာများသို့ ချက်ချင်းသွားရောက် ကြပ်မတ်ခဲ့ခြင်းများရှိသည့်အတွက် တရား ဥပဒေအရ ထိန်းချုပ်နိုင်ခြင်းများရှိပါကြောင်း။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် Contact Tracing လိုက်သည့်နေရာတွင်များစွာ ထိရောက် အရေးပါပါကြောင်း၊ ရောဂါဖြစ်ပွားမှုအပိုင်းကို ကြည့်ပါက နေရပ်ပြန်များတွင် ဖြစ်ပွား သည်ကို အများဆုံးတွေ့ရှိရပါကြောင်း၊ Relief Flight ဖြင့် ပြန်လည်ဝင်ရောက်လာပြီး ရောဂါကူးစက်မှုအပိုင်းနှင့် နယ်စပ်ဒေသမှပြန်လည်ဝင်ရောက်လာပြီး ရောဂါ ကူးစက်မှုအပိုင်း တို့ရှိပါကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်၍ စနစ်တကျဆောင်ရွက်ခြင်းများရှိပြီး တချို့တွင် စနစ်တကျ မဆောင်ရွက်နိုင်ခြင်းများ ရှိပါကြောင်း၊

စနစ်တကျ ဆောင်ရွက်နိုင်သည့်အပိုင်းမှာ ပြည်ပက ပြန်လည်ဝင်ရောက်လာသူများကို နယ်စပ်ဒေသများတွင် စနစ်တကျ လက်ခံရေးအဖွဲ့များ ဖွဲ့စည်း၍ လက်ခံပါကြောင်း၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ဝင်ရောက်လာသူတိုင်းကို မှတ်တမ်းဓာတ်ပုံများ ရိုက်ယူပြီး ကိုယ်ရေးရာဇဝင်များ ကောက်ယူပါကြောင်း၊ Contact Tracing စုံစမ်းသည့်အခါတွင် ထိထိရောက်ရောက် အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပါကြောင်း၊ ထိုသို့ ပြန်ဝင်ရောက်လာ သူများသည် နယ်စပ်ဒေသတွင် Quarantine ဝင်ရန် သို့မဟုတ် သက်ဆိုင်ရာ ဒေသသို့ ရောက်ရှိသွားရန် လိုအပ်ပါကြောင်း၊ ၎င်းတို့ကို လက်ခံရာတွင် စနစ်တကျဖြစ်စေရန် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်က တာဝန်ရှိသူများအနေဖြင့် နယ်စပ်တွင် သွားရောက် စောင့်ဆိုင်းရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် များသို့ ရောက်ရှိပြီး Quarantine တစ်ခါတည်း ဝင်ရောက်မည်ဆိုပါက ရောဂါဖြစ်ပွားမှု ရှိခဲ့လျှင်လည်း Contact Tracing လိုက်ရန် အခက်အခဲ မရှိနိုင်ပါကြောင်း။

စနစ်တကျ မဆောင်ရွက်နိုင်သည့်အပိုင်းမှာ မိမိအစီအစဉ်ဖြင့် ဝင်ရောက်လာခြင်း၊ ခိုးပေါက်များမှ ဝင်ရောက်လာခြင်းများ ရှိပါကြောင်း၊ ထိုသို့ ဝင်ရောက်လာပြီး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်း နေထိုင်ကြပါကြောင်း၊ ယင်းအပိုင်းတွင် မိမိတို့အနေဖြင့် Contact Tracing စုံစမ်းရန် များစွာခက်ခဲပါကြောင်း၊ မည်သူတို့နှင့် ထိတွေ့ဆက်ဆံခဲ့ပြီး မည်သည့်နေရာများ ရောက်ရှိခဲ့သည်ကို သိရှိရန် ခက်ခက်ခဲခဲဖြင့် ဆောင်ရွက်ရသည့် အပိုင်းများရှိပါကြောင်း။

ပြည်ထဲရေးဝန်ကြီးဌာန၏ ရဲလုပ်ငန်းသည် တရားဥပဒေစိုးမိုးရေးအပြင် Contact Tracing လုပ်သည့်အပိုင်းတွင် ရဲလုပ်ငန်းစနစ်နှင့် များစွာထိရောက်ဆက်စပ်မှု ရှိသည့် အတွက် အကျိုးသက်ရောက်မှုရှိပါကြောင်း၊ အမိန့်နှင့်ညွှန်ကြားချက်များ အဆင့်ဆင့် ထုတ်ပြန်ပေးရာတွင် ပိုမိုစနစ်ကျပြီး ပြည်သူများအကြားတွင် အသိပညာပေးမှု ပိုမိုကျယ်ပြန့် လာကာ ရောဂါထိန်းချုပ်မှုအပိုင်းတွင် ပိုမိုထိရောက်လာပါကြောင်း ဆွေးနွေးတင်ပြသည်။

ယင်းနောက် ရန်ကုန်တောင်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ် ရေးမှူး ဦးနေဝင်းအောင်က မိမိတို့အနေဖြင့် Positive လူနာစတင်တွေ့ရှိသည့် အချိန်မှစ၍ ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ Positive လူနာတွေ့ရှိသည့်အခါ ကျန်းမာရေးဦးစီးဌာနက စတင်ဆက်သွယ်ပြီး မိမိတို့က ယင်းလူနာကိုခေါ်ဆောင်၍ ကုသရေး ဆေးရုံသို့ ပို့ဆောင်ရေးကိစ္စရပ်များကို စီမံဆောင်ရွက်ရပါကြောင်း၊ Positive လူနာအား ကုသရေးဆေးရုံ ပို့ဆောင်ရေးလုပ်ငန်းစဉ်ကို ကျန်းမာရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအဆင့် ကော်မတီက စီမံပေးထားသည့် မော်တော်ယာဉ် များ၊ ဝန်ထမ်းများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အုပ်ချုပ်ရေးပိုင်ဆိုင်ရာ အနေဖြင့် လာရောက်ခေါ်ဆောင်သည့် ကိစ္စရပ်အပေါ်တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာနှင့် လုံခြုံရေးပိုင်း ဆိုင်ရာတို့ကို ကူညီဆောင်ရွက်ပေးရပါကြောင်း၊ ဒေသတွင်းရှိ ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး Contact Tracing စုံစမ်းသည့် လုပ်ငန်းစဉ်များကို ဆက်လက်ပူးပေါင်း ဆောင်ရွက်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စိုးရိမ်ပူပန်မှုကြောင့် Contact Person များကို စိစစ်ဖော်ထုတ်သည့်အခါ သတင်းအချက်အလက် အပြည့်အစုံမရသည့် အခြေ အနေနှင့် မကြာခဏ တွေ့ကြုံရပါကြောင်း။

ထို့ကြောင့် စိတ်ပူပန်ခြင်း မရှိရန်နှင့် ပိုမိုကောင်းမွန်သည့် လမ်းကြောင်းပေါ်ရောက် အောင် ပညာပေးစည်းရုံးဆောင်ရွက်ရပါကြောင်း၊ Contact Person များကို ပြည့်ပြည့်စုံစုံ ဖော်ထုတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရပါကြောင်း၊ Contact Personများကို သက်ဆိုင်ရာ Quarantine Center သို့ ပေးပို့ရန်နှင့် Swab နမူနာရယူပြီး ဓါတ်ခွဲစစ်ဆေးရန်ကိစ္စရပ်များ အတွက် ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရပါကြောင်း၊ ထိုသို့ ဆောင်ရွက်သည့် ကျန်းမာရေးဝန်ထမ်းများနှင့် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများ ကျန်းမာရေးအရ အကာ အကွယ် ပြည့်ဝစွာရရှိစေရေးနှင့် ဝန်ထမ်းများ၏ စိတ်လုံခြုံရေး ရရှိစေရန်အတွက်လည်း စီမံ ဆောင်ရွက်ပေးရပါကြောင်း၊ လိုအပ်ချက်များကို တတ်နိုင်သမျှ ကိုဗစ်ကော်မတီ အဆင့်ဆင့် နှင့် ပေါင်းစပ်ဆောင်ရွက်လျက် ရှိပါကြောင်း။

Contact Tracing လိုက်ရသည့် လုပ်ငန်းစဉ်များတွင် ကျန်းမာရေးဝန်ထမ်းများနှင့် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်း တပ်ဖွဲ့ဝင်များက သတင်းရသည့်အချိန်မှစတင်၍ အချိတ်အဆက်ရသည့်အချိန်အထိ ပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ အခြေအနေမျိုးတွင် အနည်းငယ်စိတ်ပူရပါကြောင်း၊ လူများ သွားလာလှုပ်ရှားမှုများ များပြားလာသည့်အတွက် Contact Person ဖော်ထုတ်မှု နောက်ကျသည်နှင့်အမျှ ထိတွေ့မှု ပိုမိုများပြားလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူ လူထုက လက်ရှိအခြေအနေကို သိရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များနှင့် လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးရွာအုပ်ချုပ်ရေး အဆင့်တွင်လည်း အသံချဲ့စက်များဖြင့် နေ့၊ ညစဉ်ဆက်မပြတ် ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း၊ အသိပညာပေး လုပ်ငန်းများ သက်ရောက်မှု ရှိအောင် နည်းမျိုးစုံ ဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း။

ပြည်ပမှ တရားမဝင်လမ်းကြောင်းဖြင့် ပြန်လည်ဝင်ရောက်လာပြီး ရပ်ရွာအတွင်း မိမိ အစီအစဉ်ဖြင့် သွားလာဝင်ရောက်နေထိုင်းခြင်းများ မဖြစ်စေရန် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းတွင် ကြေညာချက်ကို ကာယကံရှင်များ သိရှိပြီး လာရောက်ဆက်သွယ်ခြင်းများရှိသကဲ့သို့ ရပ်ရွာမှသိရှိပြီး သတင်း ပေးသည့်အတွက် စုံးစမ်းဖော်ထုတ်နိုင်ခြင်းများလည်းရှိပါကြောင်း၊ ရန်ကုန် တောင်ပိုင်းခရိုင် တွင် ယခုအချိန်ထိ ၁၅ ဦး စုံစမ်းဖော်ထုတ်ရရှိခဲ့ပြီး သက်ဆိုင်ရာ Quarantine Center သို့ ပို့ဆောင်ကာ ကျန်းမာရေး စစ်ဆေးမှုများကို ဆောင်ရွက်နိုင်ပေးနိုင်ခဲ့ပါကြောင်း။

ယခု Quarantine Center များတွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများနှင့် ရခိုင် ပြည်နယ်မှ ပြန်လာသူများ ထပ်မံရောက်ရှိလာသည့်အတွက် Contact Person များ များပြား လာပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံသည့် Facility Quarantine Center များ၌ ဝင်ဆန့်မှုအခြေအနေသည် လိုအပ်ချက်များ ရှိလာပါကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီး အဆင့် ကိုဗစ်ကော်မတီမှ မြို့နယ်အလိုက် Community Base Facility Quarantine Center များ ဖွင့်လှစ်ရန် ညွှန်ကြားထားပါကြောင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း Community Base Facility Quarantine Center ၁၂ ခု ပြင်ဆင်ထားရှိပြီး ဖြစ်ပါကြောင်း၊ ထို့သို့ ပြင်ဆင် ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အရံမီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ နှင့် လူမှုရေး အသင်းအဖွဲ့မှ Volunteer များ စုဖွဲ့ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန် တောင်ပိုင်းခရိုင် အတွင်း Quarantine Center ၁၂ ခုတွင် ဝန်ဆောင်မှုပေးရန်အတွက် လူဦးရေ ၁၂ဝ ကျော်ဖြင့် စုဖွဲ့ထားရှိပြီးဖြစ်ပါကြောင်း၊ ယခုအခါ လူဦးရေ ၁ဝဝ ကျော်ကို ထိန်းသိမ်းစောင့်ရှောက်ထားပါကြောင်း၊ နောက်ထပ် လူဦးရေ ၃ဝဝ လက်ခံနိုင်အောင် ပြင်ဆင်ဆောင်ရွက်ထားပါကြောင်း၊ တိုင်းဒေသကြီးအဆင့် ကိုဗစ်ကော်မတီမှ လိုအပ်လာပါက ထပ်မံတိုးချဲ့ ဆောင်ရွက်နိုင်ရန် အတွက် ကြိုတင်လေ့လာမှုများ ဆောင်ရွက်ထားရန် ညွှန်ကြားသဖြင့် နယ်မြေတွင် ကြိုတင်လေ့လာမှုများ ပြင်ဆင်ထားရှိသည်ကို တင်ပြလိုပါကြောင်း။

ပြည်ပမှပြန်လာသူများကို ဘူတာရုံနှင့် အမြန်လမ်း Zero မိုင်တွင် ကြိုဆိုပြီး Facility Quarantine Center များသို့ ပို့ဆောင်နိုင်ရန် ဆောင်ရွက်ရပါကြောင်း၊ အခက်အခဲအနေဖြင့် မော်တော်ယာဉ် စက်သုံးဆီလိုအပ်ချက်ဖြစ်ပါကြောင်း၊ ရက်ကြာလာသည်နှင့်အမျှ အနည်းငယ် အခက်အခဲ ဖြစ်လာပါကြောင်း၊ တိုင်းဒေသကြီးအစိုးအရ အစီအမံဖြင့် ပထမတစ်ကြိမ် ကုန်ကျသည့် ကုန်ကျစရိတ်များကို ပံ့ပိုးကူညီထားပါကြောင်း၊ ယခုတွင် မြို့နယ်ကိုဗစ်ကော်မတီမှ ယင်းကိစ္စကို ကြိုးပမ်းဆောင် ရွက်လျက်ရှိပါကြောင်း။

Positive လူနာတွေ့သည့် အနီးဒေသဝန်းကျင်၌ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးအဆင့် ကိုဗစ်ကော်မတီသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်တိုင်ပင်၍ Mobile Fever Clinic ယာဉ်များ ပြင်ဆင်တည်ဆောက်ပြီး Positive လူနာတွေ့သည့် အနီးဒေသဝန်းကျင် တစ်ဝိုက်သို့ Mobile Fever Clinic ယာဉ်အပါအဝင် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် Volunteer များ၏ ကူညီပူးပေါင်းဆောင်ရွက်မှုဖြင့် ကျန်းမာရေးစစ်ဆေး ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါကြောင်း။

ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် နေမကောင်းမကျန်းမာသည့်သူများကို ဖော်ထုတ်နိုင်ခဲ့ပြီး အချိန်မီ ဆေးရုံသို့ပို့ဆောင်၍ ကုသမှုများဆောင်ရွက်ပေးနိုင် ခဲ့ပါကြောင်း၊ တိုင်းဒေသကြီး ကိုဗစ်ကော်မတီမှ ၂ ပတ် စီမံချက်ဖြင့် Positive လူနာတွေ့သည့် ဒေသ များတွင် Mobile Fever Clinic ၁ဝ စီးအပါအဝင် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် Volunteer များ၏ ကူညီပူးပေါင်းဆောင်ရွက်မှုဖြင့် ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တောင်ပိုင်းခရိုင်သည် မြို့နယ်ငယ်များ ဖြစ်သည့်အတွက်ကြောင့် မြို့နယ်အသင်းများ ပေါ်လာပါကြောင်း၊ We Love Yangon အသင်းနှင့် ချိတ်ဆက်သည့်အခါ Network ပိုမိုကောင်းမွန်လာပြီး ယခုကဲ့သို့ Stay At Home ကာလတွင် ပိုမိုထိရောက်ပါကြောင်း၊ ပြည်သူလူထုအား ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးတင်ပြသည်။

ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများ အနေဖြင့်လည်း မိမိကိုယ်ကို တာဝန်ယူရန်လိုပါကြောင်း၊ ထုတ်ပြန်ထားသည့် စည်းမျဉ်း စည်းကမ်းများဖြင့် နေထိုင်ပါက လုံးဝမကူးစက်နိုင်ဟု ပြော၍မရနိုင်သော်လည်း ကူးစက်နိုင်ခြေမှာ များစွာနည်းသွားမည်ဖြစ်ပါကြောင်း၊ ထုတ်ပြန်ချက်စည်းကမ်းများကို မလိုက်နာသဖြင့် ကူးစက်သည်ကများပါကြောင်း၊ တချို့သူများမှာ လိုက်နာသော်လည်း ပတ်ဝန်းကျင်က မလိုက်နာ၍ ကူးစက်ခြင်းဖြစ်ပါကြောင်း၊ ကျန်းမာရေးဌာနအနေဖြင့် ကုသမှုကို တာဝန်ယူပေးမည် ဖြစ်ပါကြောင်း၊ တစ်ဦးချင်းအလိုက်လည်း တာဝန်ယူရန်လိုအပ်ပါကြောင်း၊ နိုင်ငံနှင့် သက်ဆိုင်သည့်ကိစ္စသည် ပြည်သူအားလုံးနှင့် သက်ဆိုင်ပါကြောင်း။

ယခုပြဿနာသည် နိုင်ငံတော်အတွက် များစွာကြီးမားသည့် အန္တရာယ်ဖြစ်ပါကြောင်း၊ တစ်ဦးချင်း တာဝန်သိသိဖြင့် လုပ်ဆောင်မှသာ ရောဂါကို ထိန်းချုပ်နိုင်မည် ဖြစ်ပါကြောင်း။

ရခိုင်ပြည်နယ်တွင် ရောဂါကူးစက်မှုကို ထိန်းချုပ်ထား၍ ရပါကြောင်း၊ ရန်ကုန်ကဲ့သို့ နေရာမျိုးတွင် ထိန်းချုပ်နိုင်ရန် ခက်ခဲပါကြောင်း၊ စစ်တွေမှ ရန်ကုန်သို့ ဩဂုတ် ၁ဝ ရက်နေ့မှ ယနေ့အချိန်ထိ လာရောက်သူ ၇ ထောင်ကျော်ရှိပါကြောင်း၊ ယခုအချိန်တွင် ခရီးစဉ်များ ရပ်နားထားပြီဖြစ်ကြောင်း၊ အဆိုပါ ၇ ထောင်ကျော်မှ မည်မျှပျံ့နှံ့နိုင်သည်ကို စဉ်းစားကြည့် ပါက သိရှိနိုင်မည် ဖြစ်ကြောင်း၊ စစ်တွေမှ ရန်ကုန်သို့ လေယာဉ်ဖြင့်လာရောက်သူများသည် ရန်ကုန်မှတစ်ဆင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့ သွားနိုင်ပါကြောင်း၊ ထို့ကြောင့် လူဦးရေ ၇ ထောင်သည် နိုင်ငံအတွင်း မည်မျှကျယ်ကျယ်ပြန့်ပြန့် သွားနိုင်သည်ကို စဉ်းစား ကြည့်ပါက သိနိုင်ပါကြောင်း၊ ထို့ကြောင့် စစ်တွေမှ ရန်ကုန်သို့ လေယာဉ်ဖြင့် လာရောက်သူ များ အားလုံးကို ဆက်သွယ်ကြရန် ပြောထားပါကြောင်း၊ မဆက်သွယ်ပါက ဥပဒေကို ချိုးဖောက်ရာ ရောက်သည့်အတွက် ဥပဒေအရ အရေးယူမည်ဖြစ်ပါကြောင်း၊ ဥပဒေအရ အရေးယူခြင်းကို တချို့ကကြိုက်ကြမည်မဟုတ်ပါကြောင်း၊ အစိုးရအနေဖြင့်လည်း လုပ်ချင်၍ လုပ်ရခြင်း မဟုတ်ပါကြောင်း၊ မလုပ်မဖြစ်၍ လုပ်ရခြင်းဖြစ်ပါကြောင်း။

Contact Tracing လုပ်ပြီး ထိတွေ့မှုရှိခဲ့သည့်သူများ အားလုံးကို ရှာဖွေကာ Quarantine ထားရှိ စစ်ဆေးသည့်အတွက် မိမိတို့နိုင်ငံသည် ကိုဗစ်ကို ထိန်းချုပ်နိုင်ခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ ပြည်သူများစုသည် အိမ်ကျဉ်းကျဉ်း၊ တိုက်ခန်းကျဉ်းကျဉ်းထဲတွင် နေထိုင်ကြရပါကြောင်း၊ ရှောင်လွှဲပြီးနေ၍မရသည့်အတွက် တစ်ဦးဖြစ်လျှင် ကျန်သည့် မိသားစုဝင်များကို ကူးစက်မည်ဖြစ်ပြီး ၎င်းတို့မှတစ်ဆင့် ဆက်စပ်မှုရှိသည့်သူများကို ကူးစက် မည်ဖြစ်ပါကြောင်း၊ ထိုသို့ မဖြစ်အောင် ကြိုတင်ကာကွယ်သည့်အနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံတော်အတွက်လည်း အကုန်အကျများပါကြောင်း၊ ပြည်သူတစ်ဦးချင်း တစ်ဦးချင်း၏ အသက်သည် တန်ဖိုးဖြတ်၍ မရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ ကုန်ကျစရိတ်ကို ထည့်မတွက်ပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း မိမိကိုယ်ကို တန်ဖိုးထားစေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ် အမှာစကားပြောကြားရာ တွင် ကိုဗစ်ကို အောင်မြင်စွာထိန်းချုပ်ထားနိုင်သည့် အကြောင်းအရင်းတစ်ခုမှာ စောစီးစွာ Quarantine ထား၍ ရောဂါပိုးတွေ့သူများကို ကုသမှုပေးသောကြောင့် ဖြစ်ပါကြောင်း၊ အစောပိုင်းတွင် ပြန့်ပွားမှုနည်းပြီး ယင်းပြန့်ပွားသည့်အထဲမှ ၆ ဦးသာ အသက်ဆုံးရှုံးသည့် အတွက် ပေါ့ဆကြပါကြောင်း။

ကိုဗစ်ကို အောင်မြင်စွာထိန်းချုပ်ထားနိုင်ရန် အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါပိုးကူးစက်နေသည့် လူဦးရေ(၄ဝဝ) ရှိပြီဖြစ်ပါကြောင်း၊ မြို့နယ်အတွင်းတွင် ရောဂါတွေ့ရှိသူ လူ(၃) ဦးကျော်ပါက Stay at Home လုပ်ပါကြောင်း၊ (၃)ဦးကျော်သည့်မြို့နယ် များသည်လည်း များပြားလာပါကြောင်း၊ ရန်ကုန်မြို့ နေရာအများအပြားတွင် Stay at Home အစီအစဉ် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ရန်ကုန်သူ၊ ရန်ကုန်သားများအနေဖြင့် ယခုအချိန်တွင် မိမိတို့၏ အစွမ်းကို ပြသရမည့် အချိန်ဖြစ်ပါကြောင်း၊ အားလုံးဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

အဓိကမှာ ပြည်သူဖြစ်ပြီး ပြည်သူများပါဝင်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ တစ်ဦးချင်းတစ်ဦးချင်းသည် မိမိကိုယ်တိုင်တင်သာမက ပတ်ဝန်းကျင်ကိုလည်း ကာကွယ် ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အတတ်နိုင်ဆုံး ပံ့ပိုးပေးမည်ဖြစ်ပါ ကြောင်း၊ ပံ့ပိုးပေးသမျှသည် ထိရောက်မှုရှိစေရန်လည်း မိမိတို့ပြည်သူများအနေဖြင့် ဝိုင်းဝန်း ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာသည် အများဆုံးအမုန်းခံရပါ ကြောင်း၊ ယခုကဲ့သို့ အခြေအနေတွင် ပြည်သူများအကျိုးအတွက် ဆောင်ရွက်နိုင်မည်ဆိုပါက အမုန်းခံရသည့်ဌာနမှ အချစ်ခံရသည့် ဌာန ဖြစ်သွားမည် ဖြစ်ပါကြောင်း၊ အစိုးရဌာနများသည် ပြည်သူများအားကိုးယုံကြည်သည့် ဌာနဖြစ်ရမည် ဖြစ်ပါကြောင်း။

ရခိုင်ပြည်နယ်တွင် နောက်ဆုံးစာရင်းအရ ရောဂါပိုးတွေ့ရှိသူ ၃၉၈ ဦး ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တွင် ၄ဝဝ ဦး ဖြစ်ပါကြောင်း၊ အင်းစိန်မြို့နယ်တွင် ၆၂ ဦး နှင့် လှိုင်မြို့နယ်တွင် ၄၉ ဦး ဖြစ်ပြီး များပြားလာပါကြောင်း၊ ထို့သို့ များပြားလာမှုကို ကြောက်ရန် မလိုပါကြောင်း၊ ပို၍ စည်းကမ်းလိုက်နာရန် လိုအပ်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ဥပဒေနှင့် ပတ်သက်၍ တင်းကျပ်စွာကိုင်တွယ်ရမည်ဖြစ်ပါကြောင်း၊ တာဝန်မဲ့သည့် လုပ်ရပ်များကို မနှစ်သက်ပါကြောင်း၊ ဥပမာအားဖြင့် ကန့်သတ်ထားသည့်ကြားမှ နိုက်ကလပ်များ ဖွင့်လှစ်ခြင်း စသည်တို့သည် များစွာတာဝန်မဲ့ပြီး ပြည်သူနှင့် နိုင်ငံအပေါ် စေတနာ နည်းသည်ဟု သတ်မှတ်ရမည်ဖြစ်ပါကြောင်း၊ ယင်းတို့ကို တင်းကျပ်စွာ အရေးယူရမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံကို ကာကွယ်ရမည်ဆိုသည့် စိတ်ဖြင့် အရေးယူရမည် ဖြစ်ပါကြောင်း၊ ဥပဒေဆိုသည်မှာ ရပ်ရွာတည်ငြိမ်ရေးအတွက် ထားရှိခြင်းဖြစ်ပါကြောင်း၊ ပြည်သူများကို ဒဏ်ပေးရန် မဟုတ်ပါကြောင်း၊ သို့သော် ရပ်ရွာမတည်ငြိမ်သည့်ကိစ္စရပ်များ လုပ်ဆောင်မည် ဆိုပါက ယင်းသို့အကျိုးဆက်များရှိမည်ကို အများနားလည်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဥပဒေ၏ အကျိုးဆက်များသည် မည်သည့်အရာများဖြစ်သည်ကို ပြည်သူများ နားလည်ရမည်ဖြစ်ပါကြောင်း၊ မည်သည့်အတွက် ယင်းဥပဒေများ ပြဋ္ဌာန်း သည်ကို နားလည်ရမည်ဖြစ်ပါကြောင်း၊ ယင်းတို့ကို နားလည်စေရန် ဆောင်ရွက်ပေးရမည့် တာဝန်မှာ အစိုးရဌာနများအားလုံးတွင် တာဝန်ရှိပါကြောင်း။

ယခုတွင် ကိုဗစ်ရောဂါထပ်မံမပြန့်ပွားစေရန် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် စေလိုပါကြောင်း၊ ဌာနအသီးသီးမှ ဝန်ထမ်းများ တာဝန်ကျေပွန်ရုံသာမက ပြည်သူ တစ်ယောက်ချင်းသည်လည်း တာဝန်ကျေပွန်စေလိုပါကြောင်း၊ ရခိုင်နှင့် စစ်တွေဘက်မှ လာရောက်သည့် ပုဂ္ဂိုလ်များနှင့် ထိတွေ့မှုရှိခဲ့ပါက သတင်းပေးရန်နှင့် ထိတွေ့မှုရှိသည့်သူများ အကြောင်းသိရှိပါကလည်း အသိပေးရန်လိုအပ်ပါကြောင်း၊ ယင်းမှာ တိုင်ကြားခြင်းမဟုတ်ဘဲ အများကို ကာကွယ်ခြင်းဖြစ်ပါကြောင်း၊ Quarantine ဝင်ရမည်မှာ ကြောက်စရာမဟုတ်ပါ ကြောင်း၊ မိမိသည် ရောဂါရှိသည့်သူများနှင့်ထိတွေ့မှုရှိခဲ့သည်ဟု ပြောရုံဖြင့် ဒုက္ခမရောက်ပါ ကြောင်း၊ Quarantine ဝင်ရုံပင်ဖြစ်ပြီး ကုသမှု လိုအပ်ပါက ရယူနိုင်ပါကြောင်း၊ ထို့ကြောင့် အားလုံးဝိုင်းဝန်း ကြိုးစားပေးရန် လိုအပ်ပါကြောင်း၊ ယခုဌာန(၃)ခုကိုလည်း ကျေးဇူးတင်ရှိပါ ကြောင်း၊ ပြည်သူလူထုကိုလည်း ဝိုင်းဝန်းကူညီနေသည့် We Love Yangon ကဲ့သို့အဖွဲ့များ၊ တခြား စေတနာ့ဝန်ထမ်းများ၊ မိမိတို့ကိုနားလည်မှုပေးပြီး လိုလားစွာဖြင့် ပူးပေါင်းဆောင် ရွက်သည့် ပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။









နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာ ရန်ကျဲ့ချိ အား လက်ခံတွေ့ဆုံ

 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့သမ္မတနိုင် တရုတ်ကွန်မြူနစ်ပါတီ၊ဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင်မစ္စတာ ရန်ကျဲ့ချိ အား လက်ခံတွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၁

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာ ရန်ကျဲ့ချိ အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့ တက်ရောက်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို ဆက်လက် ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာ ရန်ကျဲ့ချိတို့ တက်ရောက် ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံအဆင့်မြင့်ခေါင်းဆောင်များအကြား ထိတွေ့ဆက်ဆံမှုများ ဆက်လက်မြှင့်တင်သွားရေး၊ တရုတ်နိုင်ငံက ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေး စတင် ဖြန့်ဝေသည့် အချိန်တွင် မြန်မာနိုင်ငံသို့ ထောက်ပံ့သွားရေး၊ တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်ဖက်သဘောတူညီမှု ရရှိခဲ့သည့် အကျိုးတူ စီမံကိန်းများ အရှိန်အဟုန်မပြတ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် တရုတ်နိုင်ငံက အပြုသဘော ဆက်လက်ကူညီပံ့ပိုး သွားရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများတွင် လောင်းကစား အပါအဝင် တရားမဝင်ကိစ္စရပ် များကို ပူးတွဲတိုက်ဖျက်သွားရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံမှ ကြွေးမြီ ပေးဆပ်မည့်ကာလကို တရုတ်နိုင်ငံက ရွှေ့ဆိုင်းပေးခြင်းဖြင့် အကူအညီပေးအပ် သွားမည့်ကိစ္စ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအလွန်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်(၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားများနှင့် မြန်မာ-တရုတ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ် ၂၀၂၀ အကောင်အထည်ဖော်ရေးအတွက် နှစ်ဖက် ညှိနှိုင်းစီစဉ်သွားရေး၊ လူငယ်များအပါအဝင် ပြည်သူအချင်းချင်း အပြန်အလှန်ကူးလူး ဆက်ဆံမှုများ မြှင့်တင်ရန်အတွက် ယဉ်ကျေးမှုဖလှယ်မှုများ တိုးမြှင့်ဆောင်ရွက်သွား ရေးနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ရေး အတွက် အကျိုးတူပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ ချမှတ်ရေးစသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အရေး ဖြေရှင်းရေးကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက်အားပေးထောက်ခံကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဆက်လက် ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ ဒေသတွင်းနှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ မျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ဆက်လက်ရပ်တည်ထောက်ခံသွားမည် ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ လူမှု စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ငွေအဖြစ် မြန်မာအစိုးရသို့ ယွမ်သန်း ၂၀၀ ပေးအပ် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကလည်း နိုင်ငံတကာမျက်နှာစာ၌ တရုတ်နိုင်ငံ၏ အားပေးထောက်ခံမှု များအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် တစ်နိုင်ငံစနစ် နှစ်မျိုး မူဝါဒတို့ကို ဆက်လက်ရပ်တည်ထောက်ခံသွားမည်ဖြစ်ကြောင်း ထပ်မံ အတည်ပြုခဲ့သည်။

ထို့ပြင် ၂၀၂၀ ပြည့်နှစ်အတွင်း ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုစာချုပ် လက်မှတ်ရေးထိုးရေးကိစ္စ၊ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံအနေဖြင့် အာဆီယံ-တရုတ် အလှည့်ကျ ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူစဉ်အတွင်း တရုတ်-အာဆီယံ ဆက်ဆံရေး ပိုမိုတိုးမြှင့်သွားရေးနှင့် ဒေသတွင်းကိစ္စရပ်များကို ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာသွားရေး၊ ၂၀၂၀-၂၀၂၂ ခုနှစ်အထိ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အလှည့်ကျ ပူးတွဲ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံမှ တာဝန်ယူစဉ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အောက်မှ မြန်မာနိုင်ငံအပါအဝင် မဲခေါင်နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန် မြှင့်တင်သွားရေးနှင့် ဒေသတွင်း နှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များ၌ ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရေးကိစ္စတို့နှင့် စပ်လျဉ်း၍လည်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။

နှစ်နိုင်ငံဆွေးနွေးပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊ ဦးစိုးဝင်း၊ ဦးသောင်းထွန်း၊ ဦးကျော်တင်၊ ဦးသန့်စင်မောင်၊ ဒေါက်တာသန်းမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့်အတူ အဆင့်မြင့်အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့ တက်ရောက်ကြသည်။








Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်အတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေသူများနှင့် အပြန်အလှန်ဆွေးနွေး

နေပြည်တော် ဩဂုတ် ၂၈

Coronavirus Disease 2019(COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ရခိုင်ပြည်နယ်အတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ ရခိုင် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှ စစ်တွေမြို့သို့ ရောက်ရှိနေသည့် Volunteer စောသော်မိုးအယ်တို့နှင့် ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ လက်တွေ့အခြေအနေများကို အပြန်အလှန် ဆွေးနွေးသည်။

Wednesday, August 19, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အုပ်ချုပ်ရေးမှူးများ အား တွေဆုံ












 

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ယာယီ အဖွဲ့ခေါင်းဆောင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ စဝ်ယွက်စစ် လာရောက်တ